
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က စပါးအသင်းကိုအနိုင်ရတဲ့ပွဲမှာ ဂျိုးလ်မာတစ်ဒဏ်ရာရရှိခဲ့ပြီးနောက် အပြောင်းအရွှေ့မပိတ်မီ ဗဟိုနောက်ခံလူတစ်ဦး ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ မာတစ် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီးနောက် လက်ရှိမှာ ပွဲပါဝင်ကစားနိုင်တဲ့ စီနီယာဗဟိုနောက်ခံလူ တစ်ဦးမှ မရှိတော့ပါဘူး။
မာတစ်ဟာ ကာလရှည်အနားယူနေရတဲ့ဗန်ဒိုက်နဲ့ ဂိုးမက်ဇ်တို့အတူ ဒဏ်ရာရစာရင်းမှာပါဝင်သွားခဲ့ပြီး လီဗာပူးလ်အနေနဲ့ ဗဟိုနောက်ခံလူတစ်ဦး အရေးပေါ်ခေါ်ယူရမယ့် အခြေအနေဖြစ်လာပါတယ်။
ဝက်စ်ဟမ်းအသင်းနဲ့ပွဲမတိုင်မီ ဗဟိုနောက်ခံလူခေါ်ယူမလားဆိုတဲ့ မေးခွန်းအပေါ် ကလော့ပ်က ” ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ ကြိုးစားသွားပါမယ်။ ကစားသမားခေါ်ယူဖို့မကြိုးစားတော့ဘူး။”
“ကျွန်တော်တို့ ကစားသမားမခေါ်လည်း ဂရုမစိုက်ဘူးလို့ ပြောရတာ လွယ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကြိုးစားနေပါတယ်။ ဘာအပြောင်းအရွှေ့မဖြစ်လာခင် ပြောစရာစကားမရှိပါဘူး။ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့”လို့ ဆိုခဲ့တယ်။
ဆက်လက်ပြီး ကလော့ပ်က ဒီအပြောင်းအရွှေ့မှာ မိမိတို့အနေနဲ့ ပေါင်သန်း ၈၀တန် ကစားသမားမျိုးကို ခေါ်ယူဖို့ ခက်ခဲလိမ့်မယ်လို့ ဆိုပါတယ်။
ကလော့ပ်က ” ဒီအချိန်မှာ ပေါင်သန်း ၈၀တန် ကစားသမားတစ်ဦးကို ခေါ်ယူနိုင်မလားဆိုတာ မသေချာပါဘူး။ ဒီလိုတန်ကြေးမျိုးရှိတဲ့ကစားသမားကို အသင်းတွေကလည်း ဒီအချိန်မှာမရောင်းချင်ကြဘူးဆိုတာ ကျွန်တော် သိပါတယ်။
တကယ်တော့ ကျွန်တော်တို့က မှန်ကန်တဲ့ကစားသမားခေါ်ယူမှုပြုလုပ်ဖို့သာ လိုအပ်တာပါ။ အဲဒီကစားသမားက ကျွန်တော်တို့ဘတ်ဂျက်အရ ခေါ်ယူနိုင်တဲ့ကစားသမားလည်းဖြစ်ရပါမယ်” လို့ ဆိုတယ်။
ကလော့ပ်ဟာ လာမယ့်ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်လူ ဟန်ဒါဆန်ကို အကယ်ဒမီထွက်လူငယ်တစ်ဦးနဲ့အတူ ဗဟိုခံစစ်နေရာမှာ အသုံးပြုသွားဖွယ်ရှိနေပါတယ်။
Ref: Daily Mail
Leave a Reply