
ပေါလ်မာဆန်က ချဲလ်ဆီးကစားသမား ဟာဗက်ဇ်ကို အာဆင်နယ်အသင်းရဲ့ အိုဇေးလ်နဲ့ နှိုင်းယှဥ်မှု ပြုလုပ်သွား ခဲ့ပါတယ်။ ပေါင် ၈၉ သန်းနဲ့ ခေါ်ယူထားတဲ့ဟာဗက်ဇ်ဟာ ပရီးမီးယားလိဂ်မှာ ကစားနိုင်တဲ့ ခြေစွမ်းမျိုး မရှိပါဘူးလို့ ဆိုလိုက်ပါတယ်။
ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်အသင်းကနေ ပြောင်းရွေ့ကြေးအမြောက်အများနဲ့ ရောက်ရှိလာတဲ့ ဟာဗက်ဇ်ဟာ ဖရန့်လမ်းပတ် ကိုင်တွယ်တဲ့ ချဲလ်ဆီးအသင်းနဲ့အသားမကျသေးဘဲ ပရီးမီးယားလိဂ် ၁၁ ပွဲ ကစားထားတာမှာ သွင်းဂိုး ၁ ဂိုးသာ ရရှိထားပါတယ်။ ရာသီအစ ပရီးမီးယားလိဂ်ကိုရောက်လာချိန်လည်း အသက် ၂၁ နှစ် ဂျာမန်သားဟာ ကိုဗစ်ပိုးကူးစက်ခံရပြီး ပါဝင်ကစားခွင့်မရခဲ့ပါဘူး။
“ဟာဗက်ဇ်က အခုအချိန်မှာ အိုဇေးလ်နဲ့ တူလာပါပြီ။ သူဟာ ပါရမီရှိတဲ့ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဆီကဘောလုံးဆုံးရှုံးသွားချိန်မှာ ပြန်လုယူဖို့ မကြိုးစားပါဘူး။ အိုဇေးလ်အရင်တုန်းကလည်း ဒီလိုဖြစ်ခဲ့ဖူး ပါတယ်။ ဘောလုံးကစားတာကို လုံးဝစိတ်ဝင်စားတဲ့ပုံမပေါ်ခဲ့ဘူး။ အခု ဟာဗက်ဇ်လည်း တခါတစ်လေမှာ အဲ့လိုဖြစ်လာပါပြီ” လို့ ပေါလ်ကပြောသွားပါတယ်။
“သူပုံစံက ဒီမှာကစားနိုင်တဲ့ ခြေစွမ်းမျိုးမရှိတာလား ဒါမှမဟုတ် ဒီမှာရှိမနေချင်တာလားပေါ့။ ဒါပေမယ့် သူက တခြားနိုင်ငံကနေပြောင်းလာပြီး ကစားနေတယ်ဆိုတာ မေ့ထားလို့မရပါဘူး။ သူအခုချိန်အသင်းမှာ ရုန်းကန် နေရတာပါ။ သူယုံကြည်မှုပြန်ရဖို့အတွက် တချို့ပွဲတွေ အရံခုံမှာထိုင်ဖို့လိုမယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပေါလ်က ထပ်မံပြောသွားပါတယ်။
ဘန်လေနဲ့ တွေဆုံခဲ့တဲ့ ကာရာဘောင်းဖလားမှာတော့ ဟာဗက်ဇ်က ခြေစွမ်းပြပြီး ၃ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ အဲဗာတန်၊ ဝုဗ်လ်အသင်းတို့ကို ရှုံးနိမ့်ခဲ့ပြီး အဆင့် (၈) ကို ရောက်ရှိသွားပါတယ်။ လာမယ့်အိမ်ကွင်းပွဲစဥ် ဝက်စ်ဟမ်းနဲ့ ယှဥ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။
Ref: dailymail
Leave a Reply