
ချယ်လ်ဆီးအသင်းနည်းပြသစ် သောမတ်တူချယ်လ်က ပထမဆုံးကိုင်တွယ်တဲ့ပွဲမှာ ဝုလ်ဗ်အသင်းနဲ့ ဂိုးမရှိသရေကျပြီးနောက် လက်ရှိကစားသမားစုဖွဲ့မှုဟာ အနာဂတ်မှာ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်းရှိတယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အဲဒီပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ခြေစွမ်းအသာနဲ့ တစ်ဖက်သတ် ကစားနိုင်ခဲ့ပေမယ့် အနိုင်ဂိုးတော့ မသွင်းယူနိုင်ခဲ့ပါဘူး။ တူချယ်လ်ဟာ ချယ်လ်ဆီးနည်းပြအဖြစ် ခန့်အပ်ခံရပြီး ၂၄နာရီအကြာမှာပဲ ဝုလ်ဗ်နဲ့ပွဲကိုင်တွယ်ခဲ့ရတာဖြစ်ပါတယ်။
တူချယ်လ်က လက်ရှိအချိန်ဟာ အသင်းကိုရလဒ်ပိုင်းတည်ငြိမ်လာအောင် တည်ဆောက်နေဆဲဖြစ်လို့ ဒီရာသီမှာ ချန်ပီယံဆုအတွက် အလှမ်းဝေးနေပေမယ့် အနာဂတ်မှာတော့ ဆုဖလား တွေကိုသေချာပေါက်ရယူနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
တူချယ်လ်က “အနိုင်မရခဲ့တဲ့အတွက် စိတ်ပျက်မိပါတယ်။ ကျွန်တော့်ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုက နိုင်ပွဲနဲ့ထိုက်တန်ခဲ့ပါတယ်။ ဒါပေမဲ့ အဝတ်လဲခန်းထဲမှာ ဒီပွဲရလဒ်ကြောင့် စိတ်မပျက်ကြဖို့ ကစားသမားတွေကို ပြောခဲ့ပါတယ်။ ဒီနေ့ခြေစွမ်းနဲ့ပတ်သက်ပြီး ကျေနပ်ပါတယ်။ တန်ပြန်တိုက်စစ်ကောင်းမွန်တဲ့အသင်းကို တိုက်စစ်ဆင်ခွင့်မရအောင် တစ်ပွဲလုံးထိန်းချုပ်နိုင်ခဲ့တယ်။”
“ချန်ပီယံဆုအတွက်ဆိုရင်တော့ အရမ်းဝေးကွာနေပါတယ်။ ခင်ဗျားအနေနဲ့ ချယ်လ်ဆီးအသင်းအတွက် နည်းပြတစ်ဦးခန့်လိုက်တယ်ဆိုရင် ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် စတဲ့ ဆုဖလားအောင်မြင်မှုတွေ မျှော်လင့်မှာပါပဲ။ ကျွန်တော်တို့က အသင်းကိုတည်ဆောက်ဆဲအချိန်ကာလပါ။ အခုအချိန်မှာ အဆင့် ၄နေရာက အသင်းနဲ့တောင် ရမှတ်တွေများစွာကွာဟနေပါသေးတယ်။ ဒါပေမဲ့ လက်ရှိစုဖွဲ့မှုက အနာဂတ်မှာ ဆုဖလားတွေကိုစိန်ခေါ်နိုင်စွမ်းရှိပါတယ်။ ကျွန်တော်တို့နဲ့ ဘယ်အသင်းကမှ ယှဉ်မကစားရဲအောင် အသင်းကိုတည်ဆောက်သွားမှာပါ” လို့ ဆိုခဲ့တယ်။
ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ တစ်ပွဲလျော့ ကစားထားတဲ့ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ ရမှတ် ၁၁မှတ်အထိကွာဟနေပြီး အဆင့် ၈ နေရာမှာ ရပ်တည်လျက်ရှိပါတယ်။
Ref: Sky Sports
Leave a Reply