
ပရီးမီးယားလိဂ်ကစားသမားဟောင်း ဒန်နီမာဖီက လီဗာပူးလ်အသင်းရလဒ်ပြန်ကောင်းလာဖို့အတွက် ကူညီနိုင်တဲ့ကစားသမား ၂ဦးကိုသုံးသပ်ပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ဗဟိုနောက် ခံလူတွေ ဒဏ်ရာရနေလို့ ခံစစ်ပိုင်းအားနည်းနေသလို တိုက်စစ်ကလည်း ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်နေလို့ ရလဒ်ကောင်းဖို့ရုန်းကန်နေရပါတယ်။
ဗဟိုခံစစ်အတွဲဖြစ်တဲ့ ဗန်ဒိုက်နဲ့ဂိုးမက်ဇ်တို့ ဒဏ်ရာရနေတာကြောင့် သူတို့နေရာမှာ ကွင်းလယ်လူတွေ ပွဲထွက်အသုံးပြုနေရပြီး ဗဟိုခံစစ်နေရာက ပွဲတိုင်းအားနည်းချက်တွေ မြင်တွေ့နေရပါတယ်။ လီဗာပူးလ်အသင်းနည်းပြကလော့ပ်ဟာ မန်ယူကို ၃-၂ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ FAဖလားပွဲစဉ်မှာ ဒဏ်ရာက ပြန်ကောင်းလာတဲ့ ဂျိုးလ်မာတစ်ကိုအသုံးမပြုဘဲ လူငယ်ကစားသမား ရိုင်းဝီလီယံကိုပွဲထွက်စေခဲ့ပါတယ်။
မာဖီက ” မာတစ်နဲ့ ဟန်ဒါဆင်တို့ကြံ့ခိုင်မှုပြည့်ဝနေဖို့လိုအပ်ပါတယ်။ သူတို့သာ ကြံ့ခိုင်မှု ပြည့်ဝနေရင် လီဗာပူးလ်အသင်းရလဒ် ပြန်ကောင်းလာပါလိမ့်မယ်။ လီဗာပူးလ်အတွက် အနည်းငယ်စိုးရိမ်မိတာကတော့ အခုလိုလိုအပ်နေတဲ့အချိန်မှာ ကစားသမားမခေါ်ယူတာပါ။ သူတို့အသင်းဟာ ခြေစွမ်းကျဆင်းနေတာ သိ သာပါတယ်။ တိုက်စစ်က ဂိုးမသွင်းနိုင်ဘူးဆိုပေမယ့် အဓိကပြဿနာက ခံစစ်ပါ။ မန်ယူ နဲ့ပွဲမှာ မာတစ်မပါတော့ သူတို့ခံစစ်ဆိုးရွားနေတာ အားလုံးမြင်နိုင်ပါတယ်။ သေချာတာကတော့ ဒီအချိန်ဟာ သူတို့အတွက် ခက်ခဲတဲ့ကာလပါပဲ” လို့ ဆိုခဲ့တယ်။
လီဗာပူးလ်အသင်းဟာ ဒီညမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စပါးအသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ကစားရမှာဖြစ်ပြီး လိဂ် ၅ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်ဖို့ လိုအပ်နေပါတယ်။
Ref:Express
Leave a Reply