မိမိအတွက် လှပတဲ့ကစားသမားဘဝမှတ်တိုင် စိုက်ထူခဲ့ရာ ချဲလ်ဆီးအသင်းမှာ နောင်တစ်ချိန် ပြန်ကစားချင်တယ်လို့ အော်စကာ ဖွင့်ဟ

တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းကွင်းလယ်လူ အော်စကာက မိမိအတွက် လှပတဲ့ကစားသမားဘဝမှတ်တိုင်စိုက်ထူခဲ့ရာ ချဲလ်ဆီးအသင်းမှာ နောင်တစ်ချိန်ပြန်ကစားချင်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား အော်စကာ(၂၉နှစ်)ဟာ ချဲလ်ဆီးအသင်းမှာ ၂၀၁၂ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိ ပွဲပေါင်း ၂၀၃ပွဲပါဝင်ကစားခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ၂ကြိမ်၊ ယူရိုပါလိဂ်ချန်ပီယံဆု ၁ကြိမ်နဲ့ လိဂ်ဖလား ၁ကြိမ်ရယူနိုင်ခဲ့ပါတယ်။

အော်စကာဟာ ၂၀၁၇ခုနှစ်မှာ ရှန်ဟိုင်းSIPG အသင်းကိုပြောင်းရွှေ့ခဲ့ပြီး လက်ရှိမှာအသင်းကနေထွက်ခွာဖို့ မစဉ်းစားသေးပေမယ့် ချဲလ်ဆီးအတွက် ကစားဖို့ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။

အော်စကာက ” တရုတ်ကနေ ထွက်ခွာဖို့ ကျွန်တော်မစဉ်းစားပါဘူး။ ဒီအသင်းက ကျွန်တော့်အတွက် ကြီးကျယ်တဲ့ စီမံကိန်းတစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်တော့်ကစားသမားဘဝကုန်ဆုံးတဲ့အခါ (ရှန်ဟိုင်းSIPGနဲ့စာချုပ်ကုန်ဆုံးတဲ့အခါ) ချဲလ်ဆီးမှာ ပြန်ကစားချင်ပါတယ်။”

“အဲဒီမှာ ကျွန်တော်ဟာ လှပတဲ့ကစားသမားဘဝမှတ်တိုင်ကိုစိုက်ထူနိုင်ခဲ့တယ်။ ငယ်ငယ် ရွယ်ရွယ်နဲ့ ပရီးမီးယားလိဂ်ကို ရောက်သွားခဲ့တယ်။ ပရိသတ်တွေက ဘရာဇီးလ်ကစားသမားတွေဆိုရင် သိပ်အထင်မကြီးကြဘူး။ ကျွန်တော်က ဒီအမြင်ကို ပြောင်းလဲဖို့ ကူညီနိုင်ခဲ့တယ်။ ချဲလ်ဆီးအသင်းဆီ နောက်တစ်ကြိမ်ပြောင်းရွှေ့ဖို့ ကြိုးစားတဲ့အချိန်ဆိုရင် ကျွန်တော်လည်း အသက်ပိုကြီးလာပြီပေါ့။ ဒါပေမဲ့ ကျွန်တော် ကောင်းကောင်းကစားနိုင်တာကို စွမ်းဆောင်ရည်အချက်အလက်တွေအရ သိနိုင်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းမှာ ကျွန်တော့်အတွက်နေရာတစ်နေရာရှိသေးတယ်လို့ ခံစားရပါတယ် ” လို့ ဆိုခဲ့တယ်။

အော်စကာက သူရဲ့ချဲလ်ဆီးကစားသမားဘဝမှာ အကျေနပ်ဆုံးပွဲနှစ်ပွဲကိုလည်း ဖွင့်ဟခဲ့ပါတယ်။ တစ်ပွဲက ချဲလ်ဆီးအတွက် သူပထမဆုံးဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ MK ဒွန်းစ်အသင်းနဲ့ လိဂ်ဖလားပွဲစဉ်ဖြစ်ပါတယ်။ နောက်တစ်ပွဲကတော့ အာဆင်နယ်နဲ့ကစားခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး သူဂိုးမသွင်းနိုင်ပေမယ့် လျှောထိုးဖျက်ထုန်မှု ၈ကြိမ်အထိပြုလုပ်နိုင်ခဲ့လို့ ကျေနပ်တယ်လို့ ဆိုပါတယ်။

အော်စကာဟာ ချဲလ်ဆီးအသင်းမှာကစားခဲ့စဉ် ၂၀၃ပွဲမှာ ၃၈ဂိုးသွင်းယူပေးခဲ့ပါတယ်။ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီမှာ တရုတ်စူပါလိဂ်ကလပ်ကို ပေါင်သန်း ၆၀နဲ့ ရောက်ရှိသွားတဲ့ အော်စကာဟာ လစာတစ်ပတ်ပေါင် ၄သိန်း ရရှိနေတယ်လို့ သိရပါတယ်။

Ref: Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*