လမ်းပတ်ကဲ့သို့ ရလဒ်ဆိုးရွားနေချိန်မှာ မိမိကိုအခွင့်အရေးဆက်ပေးခဲ့တဲ့အတွက် ဝမ်းသာကျေနပ်မိတယ်လို့ ဆိုးလ်ရှားဖွင့်ဟ

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက လမ်းပတ်ထုတ်ပယ်ခံရမှုအပေါ်အံ့သြမိပြီး လမ်းပတ်ကဲ့သို့ ရလဒ်ဆိုးရွားနေချိန်မှာ မိမိကိုအခွင့်အရေးဆက်ပေးခဲ့တဲ့အတွက် ဝမ်းသာကျေနပ်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဆိုးလ်ရှားကို မန်ယူအသင်းက နည်းပြအဖြစ်ခန့်အပ်ပြီး ၇လအကြာမှာ လမ်းပတ်ဟာ ချဲယ်လ်ဆီး အသင်းနည်းပြဖြစ်လာခဲ့ပါတယ်။

ဆိုးလ်ရှားဟာ မန်ယူအသင်းက ယာယီနည်းပြကနေ တရားဝင်နည်းပြအဖြစ် ခန့်အပ်ခံရချိန်ကစပြီး ရလဒ်တွေဆိုးရွားခဲ့ကာ ထုတ်ပယ်ခံရဖို့ အမြဲရေပန်းစားခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူအသင်းတာဝန်ရှိသူတွေက သူ့ကို အခွင့်အရေးပေးခဲ့ပြီး ပြီးခဲ့တဲ့နှစ်ဇန်နဝါရီမှာ ဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူခဲ့ပြီးနောက် ရလဒ် ပြန်ကောင်းလာကာ ရာသီကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့ပါတယ်။

လမ်းပတ်ထုတ်ပယ်ခံရမှုနဲ့ပတ်သက်ပြီး ဆိုးလ်ရှားက ” ကျွန်တော်သိတာတစ်ခုကတော့ ဖရန့်(လမ်းပတ်)ဟာ သူ့ကြောင့် ဘယ်သူ့ကိုမှ စိတ်မပျက်စေချင်ပါဘူး။ သူ့စိတ်ဓာတ်နဲ့နေထိုင်မှုပုံ စံကိုလည်း ကျွန်တော်သိပါတယ်။ သူ ဒီလောကထဲပြန်ဝင်လာပြီး အောင်မြင်တဲ့နည်းပြဘဝကို ပိုင်ဆိုင်ဦးမှာ သေချာပါတယ်။ သူထုတ်ပယ်ခံရတဲ့အတွက် နည်းနည်းတော့ အံ့သြမိပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးမှာ ဖြစ်ပျက်နေတာနဲ့ပတ်သက်ပြီး မှတ်ချက်ပြုဖို့က ကျွန်တော့်အလုပ်မဟုတ်ပါဘူး။”

“ကျွန်တော့်ကလပ်အပေါ်မှာပဲ မှတ်ချက်ပေးချင်တာပါ။ သိတဲ့အတိုင်း ကျွန်တော်တို့ ရုန်းကန်ခဲ့ရတဲ့ အချိန်တွေရှိခဲ့ပါတယ်။ ကလပ်က ကျွန်တော့်ကိုထောက်ခံခဲ့တယ်။ ရလဒ်ဆိုးရွားတဲ့ကာလတွေ ၂ကြိမ်၊ ၃ကြိမ်လောက်ရှိခဲ့ပေမယ့် အခွင့်အရေးဆက်ပေးခဲ့တဲ့အတွက် ဝမ်းသာကျေနပ်မိပါတယ်။ ဘာတွေဆက်ဖြစ်လာမလဲ မသိပေမယ့် လူတစ်ယောက် အလုပ်ဆုံးရှုံးသွားတယ်ဆိုတာကတော့ အမြဲတမ်းဝမ်းနည်းစရာပါပဲ” လို့ ဆိုခဲ့တယ်။

ဆိုးလ်ရှားက သူ့ရဲ့လက်ရှိစာချုပ်ဟာ ၁၈လ သက်တမ်းကျန်ရှိနေသေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့အတွက် မန်ယူအသင်းနဲ့ ဆွေးနွေးမှုမလုပ်သေးဘူးလို့လည်း ဖွင့်ဟခဲ့ပါတယ်။

Ref-Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*