Deloitte ရဲ့ အချမ်းသာဆုံးကလပ်စာရင်းမှာ ဘာစီလိုနာဦးဆောင်နေပြီး ၂၀၁၃ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် မန်ယူ Top-3 မဝင်ခဲ့

ဘောလုံးကလပ်တွေရဲ့ဝင်ငွေကိုတွက်ချက်ပြီး အချမ်းသာဆုံးကလပ်စာရင်းကိုထုတ်ပြန်လေ့ရှိတဲ့ Deloitte Group ရဲ့ Money League မှာ ဘာစီလိုနာအသင်းက ဦးဆောင်နေပြီး မန်ယူကတော့ ၂၀၁၃ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် Top-3 မဝင်ခဲ့ဘူးလို့ သိရပါတယ်။

Deloitte Sports Business Group ရဲ့ Football Money League မှာ ဥရောပရဲ့ အချမ်းသာဆုံး ကလပ်အသင်း ၂၀ကို ဝင်ငွေအပေါ် မူတည်ပြီး နှစ်စဉ်ထုတ်ပြန်ပေးနေတာပါ။ ၂၀၁၉-၂၀ ရာသီဟာ ကိုဗစ်ကပ်ရောဂါကြောင့် ဥရောပထိပ်သီးကလပ်တွေရဲ့ ကွင်းဝင်ကြေးနဲ့ ရုပ်သံဝင်ငွေ များစွာလျော့ကျခဲ့ပြီး Money League မှာပါဝင်တဲ့အသင်း ၂၀ရဲ့ စုစုပေါင်း ဝင်ငွေဆုံးရှုံးမှုဟာ ပေါင် ၉၇၅သန်းအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ ဝင်ငွေ ၁၅ရာခိုင်နှုန်း လျော့ကျခဲ့ပေမယ့် ပေါင် ၆၂၇.၁သန်း နဲ့ ထိပ်ဆုံးမှာဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယနေရာက ရီးယဲလ်မက်ဒရစ်အသင်းဟာ ဘာစီလိုနာထက် ဝင်ငွေပေါင် ၁သိန်းသာ လျော့နည်းပြီး ချန်ပီယံလိဂ်ချန်ပီယံ ဘိုင်ယန်မြူးနစ်ကတော့ မန်ယူကိုကျော်ကာ ပေါင် ၅၅၆.၁သန်းနဲ့ တတိယနေရာရပ်တည်နေပါတယ်။

မန်ယူအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ ၂၀၁၈-၁၉ရာသီကထက် ဝင်ငွေပေါင် ၁၁၈.၁သန်း လျော့နည်းခဲ့ပြီး ပေါင် ၅၀၉သန်း နဲ့စတုတ္ထနေရာရပ်တည်နေတာပါ။ ဒါဟာ မန်ယူအသင်းအတွက် ၂၀၁၃ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ထိပ်ဆုံး ၃သင်းစာရင်းမဝင်တာလည်း ဖြစ်ပါတယ်။

မန်ယူနောက်မှာတော့ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်၊ မန်စီးတီး၊ PSG၊ ချယ်လ်ဆီး၊ စပါးနဲ့ ဂျူဗင်တပ်တို့က ထိပ်ဆုံး ၁၀သင်းအဖြစ် အစဉ်လိုက်ရပ်တည်နေပါတယ်။ ပရီးမီးယားလိဂ်ကြီး ၆ကြီးစာရင်းဝင် အာဆင်နယ်ကတော့ အဆင့် ၁၁နေရာရပ်တည်နေပြီး အဲဗာတန်က အဆင့် ၁၇နေရာနဲ့ ပထမဆုံးအကြိမ် ထိပ်ဆုံး ၂၀သင်းစာရင်းဝင်ခဲ့ပါတယ်။

Deloitte Money League ထိပ်ဆုံး ၁၀သင်း

ဘာစီလိုနာ- ပေါင် ၆၂၇.၁သန်း ရီးယဲလ်မက်ဒရစ်- ပေါင် ၆၂၇သန်း ဘိုင်ယန်မြူးနစ်- ပေါင် ၅၅၆.၁သန်း မန်ယူ- ပေါင် ၅၀၉သန်း လီဗာပူးလ်- ပေါင် ၄၈၉.၉သန်း မန်စီးတီး- ပေါင် ၄၈၁.၆သန်း PSG – ပေါင် ၄၇၄.၁သန်း ချယ်လ်ဆီး- ပေါင် ၄၁၁.၉သန်း စပါး- ပေါင် ၃၉၀.၉သန်း ဂျူဗင်တပ်စ်- ပေါင် ၃၄၉သန်း

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*