ကော်တင်ညိုအတွက် ပေါင် ၂၅သန်းအပါအဝင် ကစားသမားခေါ်ယူခဲ့တဲ့ အသင်း ၁၉သင်းကို ပေါင် ၁၁၂သန်း ပေးချေရဦးမယ့် ဘာစီလိုနာ

လက်ရှိမှာ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ နှစ်စဉ်ထုတ်ပြန်တဲ့ ဘဏ္ဍာရေးစစ်တမ်းအရ ကစားသမားတွေ ခေါ်ယူခဲ့ရာမှာ အသင်း ၁၉သင်းကို ပေါင် ၁၁၂သန်းအထိ ပေးချေစရာ ကျန်နေသေးတယ်လို့ သိရပါတယ်။

အဲဒီကစားသမားတွေထဲမှာ လီဗာပူးလ်အသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၄၂သန်း နဲ့ ရောက်ရှိလာတဲ့ ကွင်းလယ်လူ ကော်တင်ညိုအတွက် လီဗာပူးလ်ကို ပေါင် ၂၅သန်း ပေးရဦးမှာဖြစ်ပြီး အများဆုံးပေးစရာကျန်သေးတဲ့ ကစားသမားခေါ်ယူမှုလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ကော်တင်ညိုအတွက် ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၀၅သန်းကို လက်ငင်းပေးချေခဲ့ကာ ကျန်တာကိုတော့ အရစ်ကျနဲ့ နှစ်အလိုက်ပေးချေရမှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက နောက်ထပ်အများဆုံး ပေးစရာကျန်နေသေးတဲ့ ကစားသမားခေါ်ယူမှုတွေကတော့ ဖရန်ကီဒီယွန်း(အေဂျက်-ပေါင် ၁၄သန်း)၊ မယ်လ်ကွန်(ဘော်ဒိုး-ပေါင် ၈.၈သန်း)နဲ့ အာသာ (ဂရီမီယို-ပေါင် ၇သန်း) တို့ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဘာစီလိုနာအသင်းဟာ သူတို့အကြွေးပေးစရာရှိတဲ့ဘဏ်တွေကို သတ်မှတ်ရက် နောက်ဆုတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာဟာ Goldman Sachs၊ Allianz၊ Barings၊ Amundi စတဲ့ဘဏ်တွေကို လာမယ့်လအနည်းငယ်အတွင်း ပေါင် ၁၇၈သန်း ကြွေးပြန်ဆပ်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းဟာ နည်းပြဟောင်း ကွီးဆက်တီယန်ကိုထုတ်ပယ်ခဲ့ရာမှာ စာချုပ် လျော်ကြေး ပေါင် ၃.၅သန်းပေးဖို့ ငြင်းဆန်နေတာကြောင့် တရားရုံးမှာအမှုရင်ဆိုင်ရတော့မယ်လို့ သိရပါတယ်။

ကိုဗစ်ကြောင့် ကွင်းဝင်ကြေးမရတော့တာဟာ ဘာစီလိုနာအသင်းရဲ့ ဝင်ငွေကိုများစွာထိခိုက်စေခဲ့ပြီး တစ်နှစ်အတွင်း အကြွေးပမာဏဟာလည်း ၂ဆအထိခုန်တက်သွားခဲ့ကာ ဒေဝါလီခံရနိုင်တဲ့ အခြေအနေဖြစ်နေပြီဟု စပိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

Ref:Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*