
ပြင်သစ်ကလပ် လိုင်ယွန်အသင်းဟာ သူတို့အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ နယ်သာလန် လက်ရွေးစင်တောင်ပံကစားသမား ဒီပေးကို အလွန်နည်းပါးတဲ့ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာအသင်းထံ ရောင်းချသွားဖို့စီစဉ်နေတယ်လို့ သိရပါတယ်။
ဒီပေးဟာ လာမယ့်နွေရာသီမှာ လိုင်ယွန်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ပေါင် ၄.၅ သန်းနဲ့ လက်လွှတ်ဖို့ ဆန္ဒရှိနေတယ်လို့ ပြင်သစ် သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာအသင်းနည်းပြ ရော်နယ်ကိုးမန်းဟာ ဒီပေးကိုခေါ်ယူဖို့ဆန္ဒပြင်းပြနေပြီး ကစားသမား ကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ချင်တယ်လို့ ပြီးခဲ့တဲ့လက စပိန် ၁-၁ နယ်သာလန်ပွဲအပြီးမှာ အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ကိုဗစ်ကာလမှာ ဝင်ငွေများစွာထိခိုက်နေတဲ့အသင်းဖြစ်ပြီး လက်ရှိမှာ အကြွေး ပေါင်သန်း ၇၂၀ နီးပါး ရှိနေပါတယ်။ ဒါပေမဲ့ လူငယ်တိုက်စစ်ကစားသမား အန်ဆူဖာတီကို ဒဏ်ရာကြောင့် ၄လ လောက်ဆုံးရှုံးရမှာဖြစ်လို့ တိုက်စစ်ပိုင်းအတွက် လာမယ့်ဇန်နဝါရီမှာ အားဖြည့်သွား ဖို့ရှိနေပါတယ်။
ဒီပေးဟာ ဒီရာသီမှာ လိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံမှာ ၅ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးထားပါတယ်။ အခုလိုနည်းပါးလွန်းတဲ့ပြောင်းရွှေ့ကြေးကြောင့် ဥရောပထိပ်သီးကလပ်တွေက ဒီပေး ကိုခေါ်ယူဖို့အပြိုင်အဆိုင်ကြိုးစားလာဖွယ်ရှိပေမယ့် ကစားသမားရဲ့ဆန္ဒကြောင့် ဘာစီလိုနာအသင်းမှာသာ မြင်တွေ့ရဖို့ရှိနေပါတယ်။
Leave a Reply