
မန်ယူအသင်းဂန္ထဝင်ကစားသမား ရိုင်ယန်ဂစ်က အသင်းကိုရောက်လာကတည်းက ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ဂန္ထဝင်ကန်တိုနာရဲ့ ခြေရာကိုနင်းနိုင်ဖို့အတွက် ဖလားရယူပြဖို့ လိုအပ်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။
ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်(၂၆နှစ်)ဟာ ပြီးခဲ့တဲ့နှစ်ဇန်နဝါရီက မန်ယူအသင်းကို ရောက်ရှိလာပြီးနောက် လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၂၈ဂိုးသွင်းယူပေးထားကာ ခြေစွမ်းပြ ကစားနေပါတယ်။ မန်ယူအသင်းပရိသတ်တွေက ဖာနန်ဒက်စ်ကို အသင်းရဲ့အထင်ကရကစားသမားတွေဖြစ်တဲ့ ကန်တိုနာ၊ စီရော်နယ်လ်ဒို၊ ရွန်နီတို့နဲ့ ခိုင်းနှိုင်းပြောဆိုနေကြပြီး အသင်းကိုအောင်မြင်မှုတွေ ရယူပေးလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။
ကန်တိုနာဟာ မန်ယူအသင်းကို ၁၉၉၂ခုနှစ် မှာရောက်ရှိလာပြီးနောက် ပရီးမီးယားလိဂ်၊ FAဖလားတို့အပါအဝင် အသင်းနဲ့အတူ အဓိကဆုဖလား ၆လုံး ရယူနိုင်ခဲ့ပါတယ်။
ရိုင်ယန်ဂစ်က “အဲရစ်(ကန်တိုနာ)ဟာ အသင်းကိုစရောက်ကတည်းက ဆုဖလားတွေရရှိဖို့ ဦးဆောင်နိုင်ခဲ့တယ်။ ၁၉၉၅-၉၆ FAဖလားဗိုလ်လုပွဲမှာ အနိုင်ဂိုးသွင်းယူခဲ့တယ်။ သူက အရေးကြီးတဲ့ပွဲတွေမှာ ခြေစွမ်းပြပြီး အသင်းကိုအောင်မြင်မှုရအောင် လုပ်ပေးခဲ့တယ်။ ဖာနန်ဒက်စ်ကလည်း ကန်တိုနာနဲ့ခိုင်းနှိုင်းခံရ လောက်အောင် ခြေစွမ်းပြနေတဲ့သူပါ။ အသင်းကို သူရောက်လာကတည်းက ဦးဆောင်ကစားပြီး ဆွဲတင်ပေးခဲ့တာပါပဲ။ ဒါကြောင့် အသင်းမှာကစားခဲ့တဲ့ ထိပ်တန်းကစားသမားတွေလို သူ့အနေနဲ့ ဆုဖလားရယူပြဖို့ လိုအပ်ပါတယ်” လို့ ဆိုခဲ့တယ်။
မန်ယူအသင်းဟာ ဘရူနိုဖာနန်ဒက်စ်ရောက်ရှိလာပြီးနောက် ပရီးမီးယားလိဂ်မှာ ရမှတ် ၇၂မှတ်အထိ ရယူနိုင်ခဲ့ပြီး ဒီကာလအတွင်း ပြိုင်ပွဲဝင်အသင်းတွေထဲမှာ အမှတ်အများဆုံး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆိုးလ်ရှားဦးဆောင်တဲ့မန်ယူအသင်းဟာ ၂၀၁၃ခုနှစ်မှာ ဖာဂူဆန်အနားယူပြီးနောက် ပရီးမီးယားလိဂ်နဲ့ FAဖလားပြိုင်ပွဲမှာ ဆုဖလားနဲ့ဝေးကွာနေတာဖြစ်တယ်လို့ သိရပါတယ်။
Ref: Daily Mail
Leave a Reply