ဒဏ်ရာကြောင့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ဟာဇက်ကို သည်းခံစောင့်ဆိုင်းဖို့ လိုအပ်တယ်လို့ ဘက်တိုနီ ပြောကြား

ရီးယဲလ်မက်ဒရစ်နည်းပြဇီဒန်းရဲ့လက်ထောက် ဘက်တိုနီက ဒဏ်ရာကြောင့် ခြေစွမ်းပြနိုင်ဖို့ရုန်းကန်ခဲ့ရတဲ့ ဟာဇက်ကိုသည်းခံစောင့်ဆိုင်းဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အသက် ၃၀နှစ်ရှိ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား ဟာဇက်ဟာ ပြီးခဲ့တဲ့အလာဗက်စ်နဲ့ပွဲမှာ တစ်ဂိုးသွင်းယူကာ ဘန်ဇီမာအတွက် ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဟာဇက်ဟာ ချယ်လ်ဆီးအသင်းကနေပြောင်း ရွှေ့လာပြီးနောက် ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး အလာဗက်စ်နဲ့ပွဲက သွင်းဂိုးဟာ ရီးရဲလ်အတွက် အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဇီဒန်း ကိုဗစ်ကူးစက်ခံထားရတာကြောင့် အလာဗက်စ်နဲ့ပွဲကိုကြီးကြပ်ခဲ့တဲ့ ဘက်တိုနီက ဟာဇက်အနေနဲ့ ဒဏ်ရာတွေ မကြာခဏရရှိခဲ့တာကြောင့် အသင်းနဲ့ပရိသတ်တွေက သည်းခံစောင့်ဆိုင်းပေးရမယ်လို့ ဆိုပါတယ်။

ဘက်တိုနီက “သူက ဖန်တီးမှုစွမ်းရည်ပြည့်ဝတဲ့ ကစားသမားပါ။ သူ့အနေနဲ့ ပြိုင်ဘက်တွေကို လွှမ်းမိုးနိုင်ဖို့ ယုံကြည်မှုလိုအပ်ပါတယ်။ သူက ဒဏ်ရာတွေမကြာခဏ ရရှိခဲ့တယ်။ ဒါကြောင့် သူ့ကိုအချိန်ပေးရမှာပါ။ အရင်ကထက် သူအများကြီး ပိုတိုးတက်လာပါပြီ။ သူ အရမ်းကြိုးစားတာကိုလည်း မြင်နေရပါတယ်” လို့ ဆိုခဲ့တယ်။

ရီးယဲလ်အသင်းဖော် ဘန်ဇီမာကလည်း “ချဲလ်ဆီးအသင်းမှာ သူကထိပ်တန်းကစားသမား တစ်ဦးဖြစ်ခဲ့ပါတယ်။ အခုအချိန်ကတော့ သူ့အနေနဲ့ ရီးယဲလ်နဲ့အတူ သမိုင်းသစ်ရေးထိုးရမယ့် အချိန်ပါ” လို့ ထောက်ခံခဲ့တယ်။

ရီးယဲလ်မက်ဒရစ်ဟာ လက်ရှိမှာ ၁ပွဲလျော့ကစားထားတဲ့ ထိပ်ဆုံးက အက်သလက်တီကိုနဲ့ ၇မှတ် ကွာဟနေပြီး ဒုတိယနေရာ ရပ်တည်နေပါတယ်။

Ref: Eurosport

Be the first to comment

Leave a Reply

Your email address will not be published.


*