ပရီးမီးယားလိဂ်မှာ အဆင့် ၆ လောက်သာ မျှော်လင့်နိုင်ပေမယ့် လူစုံမထုတ်ခဲ့ဘူးလို့ အာတီတာကို ဝေဖန်ခဲ့တဲ့ ရေးပါလာ

အာဆင်နယ် ဂန္ထဝင်ကစားသမား ရေးပါလာက အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၆လောက်သာ မျှော်လင့်နိုင်ပေမယ့် FAဖလားပွဲမှာ လူစုံမထုတ်ခဲ့ဘူးလို့ အာတီတာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

အာတီတာဟာ FAဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ကစားသမား ၇ဦးအထိ ပြောင်းလဲပွဲထွက်ခဲ့ကာ ဆောက်သမ်တန်ကို ရင်ဆိုင်ခဲ့တာကြောင့် ရုန်းကန်ခဲ့ရပြီး (၁-၀)ဂိုးနဲ့ရှုံးနိမ့်ကာ ပြိုင်ပွဲကထွက်ခွာခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာ FAဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ၁၄ကြိမ်ရရှိထားကာ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်ပေမယ့် အာတီတာရဲ့ ပြိုင်ပွဲအပေါ် အာရုံစိုက်မှုက မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

ရေးပါလာက “ကျွန်တော် အံ့အားသင့်မိပါတယ်။ အာဆင်နယ်ဟာ ရာသီကုန်မှာ ဇယားအလယ်အလတ်ပဲ ရပ်တည်နိုင်မယ်လို့ ကျွန်တော်မပြောပါဘူး။ ထိပ်ဆုံး ၆သင်းစာရင်းဝင်ဖို့ပဲ မျှော်လင့်နိုင်မှာပါ။ ဒါပေမဲ့ အသင်းဟာ ချန်ပီယံလည်းမဖြစ်နိုင်သလို တန်းလည်းမဆင်းရနိုင်ပါဘူး။ ဘာကြောင့် FAဖလားလိုပြိုင်ပွဲမှာ က စားသမားတွေ အနားပေးရတာလဲ။

“ပရီးမီးယားလိဂ်က ဇယားရပ်တည်မှုအပေါ်မူတည်ပြီး ပိုက်ဆံရတာမှန်ပေမယ့် အလယ်အလတ်နေရာသာမှန်းနိုင်တဲ့အသင်းက လူစုံမထုတ်တာ နားမလည်နိုင်ပါဘူး။ ဒါက FAဖလားပြိုင်ပွဲဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်” လို့ ဆိုခဲ့တယ်။

အက်စတွန်ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟောကလည်း အာတီတာဟာ ပြိုင်ပွဲအပေါ်လေးစားမှု မရှိခဲ့တာကြောင့် ရှုံးပွဲကြုံခဲ့ရတာဖြစ် တယ်လို့ ဝေဖန်ခဲ့ပါတယ်။

Ref: talkSPORT

Be the first to comment

Leave a Reply

Your email address will not be published.


*