
ချယ်လ်ဆီးအသင်းနည်းပြလမ်းပတ်က မိမိတို့ အသင်းအနေနဲ့ ဆာလာ၊ ဒီဘရိုင်းနားတို့ကို နမူနာယူကာ လူငယ်ကစားသမား ကိုင်ဟာဗက်ဇ်ကို အချိန်ပေးသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ချယ်လ်ဆီးအသင်းကို လေဗာကူဆင်ကနေ ပေါင် ၈၉သန်းနဲ့ ရောက်ရှိလာတဲ့ ဟာဗက်ဇ်(၂၁နှစ်)ဟာ အင်္ဂလန်မြေမှာ အသားကျဖို့ရုန်းကန်နေရပါတယ်။ ဂျာမနီ ကွင်းလယ်တိုက်စစ် ကစားသမား ဟာဗက်ဇ်ဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ၁၆ပွဲ ကစားပေးထားပြီး သွင်းဂိုး ၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။
သူဟာ ၃လအတွင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ပွဲမှာ ခြေစွမ်းမပြနိုင်တာကြောင့် ပွဲချိန်ပြည့် ကစားရတဲ့ပွဲ တစ်ပွဲမှမရှိဘဲ ပွဲတိုင်းလူစားလဲခံရတာနဲ့ လူစားဝင်ကစားခဲ့တာတွေချည်းပါပဲ။ လမ်းပတ်ကတော့ ဟာဗက်ဇ်ဟာအလားအလာရှိတဲ့ ကစားသမားဖြစ်ပြီး အသင်းကနေထွက်ခွာပြီးနောက် လီဗာပူးလ်၊ မန်စီးတီးတို့မှာ ထိပ်တန်းအဆင့်ကစားသမားတွေဖြစ်နေတဲ့ ဆာလာနဲ့ ဒီဘရိုင်းနားတို့ကို နမူနာယူကာ အချိန်ပေးသင့်တယ်လို့ ဆိုခဲ့ပါတယ်။
လမ်းပတ် “ကိုင်(ဟာဗက်ဇ်)နဲ့ ကျွန်တော်အလုပ်တွဲလုပ်နေတဲ့ အခြေအနေအပေါ်ပြောရမယ်ဆိုရင် သူ့ရဲ့စိတ်ဆန္ဒက လက်ရှိဖြစ်နေတဲ့အနေအထားနဲ့ လုံးဝကွဲလွဲပါတယ်။ သူ့ကိုယ်သူ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ သူဟာ ခက်ခဲတဲ့ အခိုက်အတန့်နဲ့ ရင်ဆိုင်နေရတယ်။ ကစားဖော်အသစ်တွေနဲ့ နေရာသစ်မှာအထိုင်ကျဖို့ ရုန်းကန်နေရတယ်။ ကီဗင်ဒီဘရိုင်းနားနဲ့ ဆာလာတို့လည်း ကိုင်ရဲ့အသက်အရွယ်တုန်းက ဒီလိုပါပဲ။ သူတို့ အသင်းကနေထွက်ခွာသွားကြပြီး ခြေစွမ်းပြနိုင်ဖို့ အချိန်ယူကြိုးစားခဲ့ကြတယ်။ နောက်တော့ ဒီကိုပြန်လာကြတယ်။ အခုဆိုရင် သူတို့ဟာ ပရီးမီးယားလိဂ်ရဲ့ဂန္ထဝင်ကစားသမားတွေဖြစ်နေကြပါပြီ။ ဒါကြောင့် ကိုင်အပေါ် ဖိအားတွေမပေးချင်ပါဘူး။ ငယ်ရွယ်တဲ့ကစားသမားတွေဟာ ပရီးမီးယားလိဂ်ကိုရောက်လာရင် ရုန်းကန်ရတတ်လို့ အချိန်ပေးဖို့လိုအပ်ပါတယ်” လို့ ကာကွယ်ပြောဆိုခဲ့တယ်။
ဟာဗက်ဇ်နဲ့အတူ လမ်းပတ်ရဲ့နွေရာသီအဓိကခေါ်ယူတစ်ခုဖြစ်ခဲ့တဲ့ ဂျာမနီတိုက်စစ်မှူး တီမိုဝါနာဟာလည်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၁ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေပြီး ကစားသမားဘဝ အကြာရှည်ဆုံး လိဂ်ဂိုးပေါက် ပျောက်ဆုံးမှုနဲ့ရင်ဆိုင်နေရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာကိုရှုံးနိမ့်ခဲ့တာကြောင့် ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ လမ်းပတ်ရဲ့ချယ်လ်ဆီးဟာ ဒီညမှာတော့FA ဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် လူတန်အသင်းကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။
Ref: Daily Mail
Leave a Reply