
စပါးအသင်းနည်းပြ မော်ရင်ညိုက သူကိုင်တွယ်စဉ် ချယ်လ်ဆီးအသင်းရရှိခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်း ၈၆ပွဲဆက်ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်နိုင်ဖို့ ခက်ခဲလွန်းတယ်လို့ ပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ ဘန်လေအသင်းကို (၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်အိမ်ကွင်း ၆၈ပွဲဆက် ရှုံးပွဲမရှိစံချိန်ရပ်တန့်ခဲ့တာကြောင့် မော်ရင်ညိုက ထောက်ပြပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
မော်ရင်ညိုက သူကိုင်တွယ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းပြီးရင် ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယမြောက် အိမ်ကွင်းပွဲဆက်အများဆုံးရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့တဲ့ ကလော့ပ်ဦးဆောင်တဲ့ လီဗာပူးလ်အသင်းကိုလည်း ချီးကျူးခဲ့ပါတယ်။
မော်ရင်ညိုဟာ ချယ်လ်ဆီးအသင်းကို ပထမအကြိမ်ကိုင်တွယ်စဉ် ၂၀၀၄ခုနှစ်၊ ဖေဖော်ဝါရီမှ ၂၀၀၈ခုနှစ်၊ အောက်တိုဘာအထိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အိမ်ကွင်းရှုံးပွဲလုံးဝမရှိခဲ့ပါဘူး။ ဒီစံချိန်နဲ့ပတ်သက်ပြီး မော်ရင်ညိုက “စံချိန်မှတ်တမ်းတွေဆိုတာ တစ်ချိန်မှာ ကျိုးပျက်သွားကြတာပါပဲ။ အားကစားနည်းမျိုးစုံက မယုံနိုင်ဖွယ်ရာစံချိန်တွေဖြစ်ရင်တောင်မှပေါ့။”
“တချို့စံချိန်တွေကျတော့လည်း ခင်ဗျားက အဲဒါကိုသိ ရှိထားတယ်။ ဒါပေမဲ့ ခင်ဗျားစိတ်ထဲမှာ အဲဒါက ရယူဖို့မဖြစ်နိုင်ဘူးလို့ ခံစားရတတ်တာမျိုးပါ။ လီဗာပူးလ်အသင်းလုပ်နိုင်ခဲ့တာကလည်း အံ့သြစရာကောင်းပြီး ရယူဖို့အရမ်းခက်ခဲတဲ့ မှတ်တမ်းတစ်ခုပါ။ ချယ်လ်ဆီးအသင်းနဲ့အတူ ကျွန်တော်တို့ရရှိခဲ့တဲ့ စံချိန်ကတော့ ဘယ်အသင်းမဆို ချိုးဖျက်နိုင်ဖို့ အရမ်းခက်ခဲပါလိမ့်မယ်။ လီဗာပူးလ်ရဲ့စွမ်းဆောင်ရည်ကိုလည်း ဂုဏ်ပြုပါတယ်” လို့ဆိုခဲ့တယ်။
ချယ်လ်ဆီးအသင်းဟာ မော်ရင်ညိုကိုထုတ်ပယ်ခဲ့ပြီးနောက် အေဗရမ်ဂရန့်ကိုခန့်အပ်ခဲ့ရာမှာ လီဗာပူးလ်အသင်းက စတမ်းဖို့ဒ်ဘရစ်ချ်မှာ အနိုင်ယူပြီး မော်ရင်ညိုရယူပေးခဲ့တဲ့စံချိန်ကို ရပ်တန့်ခဲ့တယ်လို့ သိရပါတယ်။
Ref: Daily Mail
Leave a Reply