နိုင်ပွဲပျောက်ဆုံးနေပေမယ့် လီဗာပူးလ်ရဲ့ကစား ပုံညံ့ဖျင်းနေတာမဟုတ်ဘူးလို့ ပြိုင်ဘက်အပေါ် ကာကွယ်ပြောဆိုခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်

မန်ယူအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် ဒီညမှာ FA ဖလား စတုတ္ထပွဲစဉ်အဖြစ်ရင်ဆိုင်ရမယ့် လီဗာပူးလ်အသင်းဟာ နိုင်ပွဲပျောက်ဆုံးနေပေမယ့် ကစားပုံညံ့ဖျင်းနေတာမဟုတ်ဘူးလို့ ပြိုင်ဘက်အသင်းအပေါ် ကာကွယ်ပြောဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၄ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး နောက်ဆုံးပွဲစဉ်မှာ ဘန်လေကိုရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အိမ်ကွင်း ၆၈ဆက်ရှုံးပွဲမရှိ မှတ်တမ်းရပ်တန့်ခဲ့ရပါတယ်။

လီဗာပူးလ်နဲ့ပွဲမတိုင်မီ ဘရူနိုဖာနန်ဒက်စ်က “ကျွန်တော် ပြိုင်ဘက်အသင်းတွေနဲ့ပတ်သက်ပြီး စဉ်းစားမိပါတယ်။ လီဗာပူးလ်ဟာ ကစားပုံ ညံ့ဖျင်းနေတယ်လို့ ကျွန်တော် မထင်ပါဘူး။ သူတို့နိုင်ပွဲပျောက်ဆုံးနေတာပဲရှိပါတယ်။ အဲဒါ က အဓိကအချက်ပါပဲ” လို့ မန်ယူအသင်းဝက်ဘ်ဆိုက်ကနေ ပြိုင်ဘက်အပေါ် ကာကွယ်ပြောဆိုခဲ့တယ်။

ဖာနန်ဒက်စ်က ဆာလာ၊ ဖာမီနို၊ မာနေးတို့ဟာ ဂိုးရဖို့ရုန်းကန်နေရပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ သူတို့ဆီက သွင်းဂိုးတွေမျှော်လင့်နိုင်လိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

ဖာနန်ဒက်စ်က ” အသင်းတစ်သင်း နိုင်ပွဲမရင် အဲဒီအကြောင်း လူတွေပြောကြမယ်။ ကစားသမားတွေ ဂိုးမသွင်းနိုင်ဘူးဆိုရင် အဲဒီအကြောင်း လူတွေပြောကြမယ်။ ကျွန်တော်ဟာ အသင်းကိုရောက်လာခဲ့တယ်။ ဂိုးတွေသွင်းပေးတယ်။ ဂိုးဖန်တီးမှုတွေပြုလုပ်ပေးတယ်။”

“ဒါကြောင့် လူတွေဟာ ကျွန်တော့်ဆီက သွင်းဂိုးတွေ၊ ဖန်တီးမှုတွေကို အလိုရှိနေကြတယ်။ အခုလည်း အတူတူပါပဲ၊ ဆာလာ၊ ဖေမီနို၊ မာနေးတို့ဆီက သွင်းဂိုးတွေကို အလိုရှိနေကြတယ်။ သူတို့ဟာ ဂိုမသွင်းနိုင်ခဲ့ကြဘူး။ ဒါပေမဲ့ ကစားပုံညံ့ဖျင်း ခဲ့တာမဟုတ်ပါဘူး” လို့ ဆိုခဲ့တယ်။

မန်ယူအသင်းဟာ အန်ဖီးလ်မှာကစားခဲ့တဲ့ ပရီး မီးယားလိင်ပွဲစဉ်မှာ လီဗာပူးလ်နဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် ဒီညမှာ FAဖလားပွဲစဉ်အဖြစ် အိုးလ်ထရက်ဖို့ဒ်မှာ လက်ခံကစားရမှာဖြစ်ပါတယ်။

Ref: Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*