
လိုက်ပ်ဇစ်အသင်းနည်းပြ နာဂယ်စ်မန်းဟာ ဂျာမန်ထိပ်သီးဘိုင်ယန်မြူးနစ်အသင်းက ဒီဇန်နဝါရီမှာ ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ နောက်ခံလူ အူပါမီကာနိုကို အသင်းမှာဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။
အသက် ၂၂နှစ်သာရှိသေးတဲ့ ပြင်သစ်ဗဟိုနောက်ခံလူဟာ ဘွန်ဒက်စ်လီဂါရဲ့အကောင်းဆုံးဗဟိုနောက်ခံလူလို့ သတ်မှတ်ခံထားရပြီး ဘိုင်ယန်မြူးနစ်အမှုဆောင်ချုပ် ရူမင်နစ်ဂီက သူစောင့် ကြည့်နေတဲ့ ကစားသမားဖြစ်တယ်လို့ ဝန်ခံထားပါတယ်။
ဒီလအစောပိုင်းက အူပါမီကာနိုကို ခေါ်ယူဖို့ မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီး စတဲ့ပရီးမီးယား လိဂ်အသင်းတွေက စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ခဲ့ပြီး လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်ပါဝင်လာခဲ့တာပါ။
နာဂယ်စ်မန်းက “အူပါနဲ့ စာချုပ်ဆိုင်ရာအခြေအနေကို ကျွန်တော်တို့သိပါတယ်။ ဒီအသင်းမှာ သူရှိနေတာကိုလည်း ကျွန်တော်တို့ နှစ်သက်ပါတယ်။ ဒါပေမဲ့ ဘောလုံးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စျေးကွက်သဘောတရားကို နားလည်ပါတယ်။ သူက တိုးတက်ချင်စိတ်ရှိတဲ့ လူငယ်တစ်ယောက်ပါ။ ဒီအသင်းဟာ သူချစ်မြတ်နိုးတဲ့နေရာတစ်ခုဖြစ်ပါတယ်” လို့ ဆိုခဲ့တယ်။
အူပါမီကာနိုဟာ လိုက်ပ်ဇစ်အသင်းကို ဒီရာသီ ဘွန်ဒက်စ်လီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းအောင် အဓိကခြေစွမ်းပြနေတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ လိုက်ပ်ဇစ်အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆သင်းအဆင့်ကို တက်ရောက်ထားနိုင်သလို ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာလည်း အဆင့် ၂ နေရာ ရပ်တည်နေပါတယ်။
Ref: bavarianfootballworks
Leave a Reply