
လီဗာပူးလ်နဲ့ (၀-၀) သရေကျသွားတဲ့ပွဲစဥ်မှာ ကလော့ပ်က မန်ယူအသင်းဟာ ခံစစ်အသားပေး ကစားတယ်ဆိုတဲ့အပေါ် ဆိုးလ်ရှားက တုံ့ပြန်ပြောဆိုသွားခဲ့ပြီး လာမယ့်တနင်္ဂနွေနေ့ လီဗာပူးလ်နဲ့ ကစားမယ့် FA ဖလားပွဲစဥ်မှာ မန်ယူအသင်းတိုက်စစ်မှူးတွေရဲ့ ခြေစွမ်းတိုးတက်မှုကိုလည်း မြင်ချင်တယ်လို့ ပြောသွားပါတယ်။
မန်ယူဟာ လီဗာပူးလ်အသင်းနဲ့ နှစ်ပတ်ဆက်တိုက် တွေ့ဆုံရတာဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ပတ်က ပရီးမီးယားလိဂ်တွေ့ဆုံမှုမှာ ဂိုးမရှိသရေရလဒ် ဖြစ်ခဲ့ပါတယ်။ လာမယ့် FA ဖလား စတုတ္ထအကျော့ပွဲစဥ်ကို မန်ယူအိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားသွားရမှာပါ။
မန်ယူရဲ့ ခံစစ်ကစားတဲ့အပေါ် ကလော့ပ်ရဲ့ ဝေဖန်ချက်ကို “ကျွန်တော်တို့ ဘောလုံးရတဲ့ ဘယ်အချိန်မဆို တိုက်စစ်ဆင်ပါတယ်။ များရင်တောင် များဦးမယ်။ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု ပျက်ခဲ့ရတယ်။ အဲ့ဒါကတော့ စိန်ခေါ်မှုဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ရှေ့ကိုခဏလေးနဲ့ရောက်ခဲ့တယ်။” လို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။
ဆက်လက်ပြီး “တိုက်စစ်မဆင်ဘူးဆိုတဲ့ ထင်မြင်ချက်ကို ကျွန်တော် နားမလည်ပါဘူး။ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှုတွေ ဖြုန်းတီးပစ်ခဲ့တယ်။ ဒါက ကျွန်တော်တို့ရဲ့ ကစားခဲ့တဲ့စွမ်းဆောင်ရည်ပဲ။ ဒီထက်ပိုပြီး ကောင်းအောင်ကစားဖို့ လိုအပ်တယ်။ ကျွန်တော်တို့ အမြင့်ဘောကစားဖို့ ကြိုးစားတယ်။ အဲ့ဒါက မလွယ်ကူပါဘူး။ ကျွန်တော်တို့ ဖိကစားတဲ့ကြားကနေ သူတို့နည်းလမ်းသူတို့ဟန်နဲ့ ကောင်းအောင် ကစားနိုင်ခဲ့တယ်။”
“သူတို့မှာ ကွင်းလယ်ကစားဖို့ ငါးယောက်ရှိတဲ့အပြင် အရမ်းကို ကျွမ်းကျင်တဲ့ ဂိုးသမား တစ်ယောက်ရှိပါသေးတယ်။ ကစားပွဲကို ပြန်ကြည့်ကြည့်မယ်ဆိုရင် နှစ်သင်းစလုံးအတွက် ကောင်းမွန်တဲ့ ကစားပွဲတစ်ပွဲပါ။ ကျွန်တော်တို့ ထိပ်တန်းကစားသမားတွေပါတဲ့ လီဗာပူးလ်အသင်းနဲ့ ကစားရတာပါ။ ဗန်ဒိုက်မပါဝင်နိုင်တာ သိပါတယ်။ ဒါပေမယ့် ဒဏ်ရာပြဿနာတွေကလူတိုင်းရကြပါတယ်။ ဟိုမှာလည်းရှိသလို ဒီမှာလည်း ရနေကြပါတယ်။ ကျွန်တော်ပြန်ကြည့်တဲ့အခါ အသင်းရဲ့ စွမ်းဆောင်ရည်ကို အရမ်းကျေနပ်မိပါတယ်။” လို့ ပြောသွားပါတယ်။
မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းမှာ မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်နဲ့ ကာဗာနီတို့ပါဝင်ပြီး နောက်ဆုံး ငါးပွဲမှာ ကာဗာနီ တစ်ယောက်သာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဆိုးလ်ရှားက “ကျွန်တော်တို့ အဲ့အပိုင်းကို အပြောင်းအလဲလုပ်ဖြစ်မှာ သေချာပါတယ်။ ကျွန်တော်အကောင်းဆုံး လူစာရင်းကို သုံးသွားမှာပါ။ အနိုင်ယူနိုင်တယ်လို့ ခံစားရတဲ့ လူစာရင်းပေါ့။ အခု အာရုံစိုက်နေတာကတော့ FA ဖလားဖြစ်တယ်။ ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲ ဒါက ခက်ခဲတဲ့ ပြိုင်ပွဲပါ။”လို့ ပြောသွားပါတယ်။
Ref: goal.com
Leave a Reply