
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အဓိကကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ ဒီဘရိုင်းနားနဲ့ တိုက်စစ်မှူး အဂွဲရိုးတို့ကို ဆုံးရှုံးထားရတာဟာ ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပေမယ့် အသင်းအနေနဲ့ အကောင်းဆုံးရှေ့ဆက်သွားရမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားဟာ အက်စတွန်ဗီလာကို ၂-၀ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ဆေးမှုအရ ရက်သတ္တပတ် ၄ပတ်မှ ၆ပတ်အထိ အနားယူရဖွယ် ရှိနေပါတယ်။
ဒီဘရိုင်းနားဟာ ဒီဒဏ်ရာကြောင့် လီဗာပူးလ်၊ စပါးတို့နဲ့ကစားမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တွေ၊ မိုချန်ဂလာဘတ်အသင်းနဲ့ကစားမယ့် ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့ပွဲစဉ်အပါအဝင် စုစုပေါင်း ၉ပွဲ အထိ လွဲချော်ဖွယ်ရှိနေပါတယ်။
အာဂျင်တီးနားဝါရင့်တိုက်စစ်မှူး အဂွဲရိုးမှာလည်း ဖျားနာနေတာကြောင့် ကိုဗစ်စစ်ဆေးမှုပြုလုပ်ခဲ့ရာ positve အဖြေထွက်ရှိခဲ့ပါတယ်။ ဂွါဒီယိုလာက “အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ရှေ့ဆက်သွားရမှာပါ။ ဘယ်သူမှ ကြိုမသိနိုင်တာတွေအတွက် ကျွန်တော်မပြောလိုပါဘူး။ သူ (ဒီဘရိုင်းနား)ရော ကျွန်တော်တို့ပါ ကံမကောင်းခဲ့ဘူးလို့ ဆိုရမှာပါ။”
“အဂွဲရိုးကတော့ နည်းနည်းသက်သာ လာပါပြီ။ ပထမ ၂ရက်၊ ၃ရက်မှာ ရောဂါလက္ခဏာပြပြီး သူဖျားနာခဲ့တယ်။ ဒါကြောင့် သူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်တဲ့အထိ တစ်ဆင့်ချင်းလုပ်ဆောင်သွားရပါမယ်။ သူတို့ အသင်းနဲ့အတူ ပြန်ပူးပေါင်းနိုင်မယ့်အချိန်ကို ကျွန်တော်တို့အကောင်းဆုံးရှေ့ဆက်ရင်းနဲ့ပဲ စောင့်ဆိုင်းသွားရမှာပါ” လို့ဆိုခဲ့တယ်။
ဂွါဒီယိုလာက နောက်ခံလူဝေါ်လ်ကာဟာ တင်ပါးဒဏ်ရာအနည်းငယ်ရရှိနေတာကြောင့် ဒီညကစားမယ့် ချယ်တင်ဟမ်နဲ့ FAဖလားပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး နာသန်အကီမှာလည်း ပါဝင်ဖို့မသေချာသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။
Ref:Manchestereveningnews
Leave a Reply