
ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ်ကိုးမန်းဟာ မနေ့ညက ကော်နယ်လာအသင်းနဲ့ ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလား ၃၂သင်းအဆင့်ပွဲစဉ်မှာ ပွဲချိန်အတွင်း ပင်နယ်တီ ၂လုံးကန်ခွင့်ရခဲ့ပေမယ့် အနိုင်ရဖို့ အချိန်ပိုအထိ ကစားခဲ့ရခြင်းအတွက် ဒေါသပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ရော်နယ်လ်ကိုးမန်းဟာ မက်ဆီပွဲပယ်ကြောင့် မပါနိုင်ချိန်မှာ ဂရီးဇ်မန်း၊ ပီဂျာနစ်၊ ဘရိတ်ဝှိုက် စတဲ့ ကစားသမားတွေနဲ့ပွဲထွက်ခဲ့ပြီး အက်သလက်တီကိုဖြုတ်ချခဲ့တဲ့ ကော်နယ်လာအသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ကော်နယ်လာကိုဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၃၉မိနစ်နဲ့ ပွဲချိန် ၈၀မိနစ်တွေမှာ ပင်နယ်တီ ၂ကြိမ်ကန်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ပီဂျာနစ်၊ လူစားဝင်လာတဲ့ ဒမ်ဘီလီတို့ရဲ့ကန်ချက်တွေကို ကော်နယ်လာဂိုးသမားရာမွန်က လက်စွမ်းပြကာကွယ်ခဲ့လို့ အချိန်ပိုဆက်ကစားခဲ့ရပါတယ်။
အချိန်ပိုမှာတော့ ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီနဲ့ ဘရိတ်ဝှိုက်တို့ရဲ့သွင်းဂိုးကြောင့် ၂-၀ ဂိုးနဲ့အနိုင်ရကာ ၁၆သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။
ရော်နယ်လ်ကိုးမန်းက ” ပင်နယ်တီကနေ အလွယ်တကူဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ အသင်းမှာရှိနေတဲ့အတွက် ဒီအခြေအနေကို ကျွန်တော် နားမလည်နိုင်ပါဘူး။ သူတို့ကြောက်စိတ်ဝင်နေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပင်နယ်တီ ၂လုံးမှာ တစ်လုံးဝင်ခဲ့ရင်တောင် အပြစ်မပြောပါဘူး။ ဘာစီလိုနာကစားသမားတွေဖြစ်နေတဲ့အတွက် ပင်နယ်တီ ၂လုံးစလုံး လွဲတာက မဖြစ်သင့်ဘူး။ ဒါက အရမ်းခက်ခဲနေတဲ့ ဂိုးသွင်းခွင့်မဟုတ်ပါဘူး” လို့ ကစားသမား တွေကို အပြစ်တင်ခဲ့ပါတယ်။
ဆီဂန်ဒါB(စပိန်တတိယတန်း)ကလပ် ကော်နယ်လာဟာ ပြီးခဲ့တဲ့အဆင့်မှာ အက်သလက်တီကိုအသင်းကို ၁-၀ ဂိုးနဲ့အနိုင်ယူကာ ဒီအဆင့်ကိုရောက်လာခဲ့တာဖြစ်ပါတယ်။
Ref: Firstpost
Leave a Reply