
ဂျူဗင်တပ်စ်အသင်းတိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုဟာ နာပိုလီနဲ့အီတလီစူပါဖလားပွဲစဉ်မှာကစားသမားဘဝ ၇၆၀ ဂိုးမြောက်သွင်းယူခဲ့ပြီး ကမ္ဘာ့ဘောလုံးသမိုင်းမှာ စံချိန်သစ်တင်နိုင်ခဲ့ပြီလို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။
စီရော်နယ်လ်ဒိုဟာ ချက်(ချက်ကိုဆလိုဗက်ကီးယား)နဲ့ ဆလားဗီးယားပရပ်တိုက်စစ်မှူးဟောင်း ဂျိုးဆက်ဖ်ဘီကန်ရဲ့သွင်းဂိုး ၇၅၉ဂိုးကိုကျော်ကာ ကစားသမားဘဝဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။
ဒီသတင်းကိုကမ္ဘာ့မီဒီယာတွေက အကျယ်တဝင့်ဖော်ပြနေကြချိန်မှာပဲ ချက်ဘောလုံးအဖွဲ့ချုပ်ကံ ကြေညာချက်ထုတ်ပြန်ပြီးစီရော်နယ်လ်ဒိုရဲ့စချိန်ကို ငြင်းပယ်လိုက်ပါတယ်။
ချက်ဘောလုံးအဖွဲ့ချုပ်သမိုင်းနဲ့မှတ်တမ်းရေးရာကော်မတီ အကြီးအကဲ ဂျာရိုဆလက်ကိုလာက သူတို့ဂန္ထဝင်ဘီကန်ရဲ့တရားဝင်သွင်းဂိုးအရေအတွက်ဟာ ၈၂၁ဂိုးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ စီရော်နယ်လ်ဒိုအနေနဲ့ စံချိန်ချိုးနိုင်ဖို့ ၆၂ဂိုး ထပ်သွင်းရဦးမယ့်အခြေအနေဖြစ်ပါတယ်။
“ဘောလုံးသမိုင်းမှာ အကောင်းဆုံးဂိုးသွင်းသူလား..?ချက်ဘောလုံးအဖွဲ့ချုပ်သမိုင်းနဲ့ မှတ်တမ်းရေးရာကော်မတီက ဂန္ထဝင် ဘီကန်သွင်းယူတဲ့ ဂိုးတွေကို စိစစ်ရေတွက်ခဲ့ပါတယ်။ ”
“သူဟာ တရားဝင်ပွဲစဉ်တွေမှာ ၈၂၁ဂိုးသွင်းယူခဲ့တယ်ဆိုတာ ကျွန်တော်တို့ အခိုင်အမာပြောနိုင်ပါတယ်။ ”
ဂျာရိုဆလက်ကိုလာ(ကော်မတီအကြီးအကဲ) ဆိုပြီး ချက်ဘောလုံးအဖွဲ့ချုပ် Twitter စာမျက်နှာမှာ ထုတ်ပြန်ခဲ့တာပါ။
ချက်ဘောလုံးအဖွဲ့ချုပ်ဝက်ဘ်ဆိုက်ကလည်း “အဖြေကတော့ ဘီကန်ဟာ တရားဝင်ပွဲစဉ်တွေမှာ ၈၂၁ဂိုးသွင်းယူခဲ့ပါတယ်။ သူကစားခဲ့တဲ့ ပထမတန်း၊ ဒုတိယတန်းလိဂ်ပွဲစဉ်တွေ၊ National cups၊ Central European Cupနဲ့ နိုင်ငံ့လက်ရွေးစင်အဆင့်ကစားရတဲ့ ပွဲစဉ်တွေက သွင်းဂိုးတွေကို တွက်ချက်ထားတာပါ။
ကလပ်နဲ့နိုင်ငံရဲ့ ခြေစမ်းပွဲတွေက ဂိုးတွေမပါဝင်ပါဘူး။ ဒါဟာ သေချာစွာစိစစ်တွက်ချက်ထားတာဖြစ်လို့ အမှန်ကန်ဆုံးကိန်းဂဏန်းဖြစ်နိုင်ပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လကလည်း ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းဟာ မက်ဆီရဲ့ကလပ်တစ်သင်းတည်းအတွက် သွင်းဂိုးအများဆုံးစံချိန်ကို ငြင်းပယ်ခဲ့ပါတယ်။ သူတို့ရဲ့ထုတ်ပြန်ချက်မှာ အသင်းဂန္ထဝင်ပီလီရဲ့သွင်းဂိုးဟာ ၆၄၃ဂိုးမဟုတ်ဘဲ ၁၀၉၁ဂိုးဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။
Ref: Sky Sports
Leave a Reply