ကစားသမားဘဝ ၇၆၀ မြောက်ဂိုးသွင်းယူပြီး ကမ္ဘာ့ဘောလုံးသမိုင်းမှာ ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်လိုက်တဲ့ စီရော်နယ်လ်ဒို

ဂျူဗင်တပ်စ်အသင်း တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုဟာ မနေ့ညက နာပိုလီကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အီတလီစူပါဖလားဗိုလ်လုပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းယူခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးသမိုင်းမှာ ကစားသမားဘဝတစ်လျှောက် ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်သစ်တင်လိုက်ပါပြီ။

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို (၃၅နှစ်)ဟာ ချက်ကိုဆလိုဗက်ကီးယားတိုက်စစ်မှူးဟောင်း ဂျိုးဆက်ဖ်ဘီကန်ရဲ့ ကစားသမားဘဝသွင်းဂိုး ၇၅၉ ဂိုးနဲ့ တူညီနေရာမှ အခုအခါ တစ်ဂိုးအသာနဲ့ ကျော်ဖြတ်ကာ ကမ္ဘာ့စံချိန်သစ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ အဲဒီပွဲကို ကစားသမားဘဝ ၁၀၄၀မြောက် ပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တာဖြစ်ပြီး ပွဲချိန် ၆၄မိနစ်မှာ ဘာနာဒက်စ်ချီရဲ့ဖန်တီးပေးမှုကနေ သမိုင်းဝင်ဂိုးကို အနီးကပ် ကန်သွင်းယူခဲ့တာပါ။ စပို့တင်းလစ္စဘွန်းအကယ်ဒမီကြယ်ပွင့် စီရော်နယ်လ်ဒိုဟာ စပို့တင်းလစ္စဘွန်း၊ မန်ယူ၊ ရီးယဲလ်မက်ဒရစ်တို့မှာ ပါဝင်ကစားခဲ့ပြီး လက်ရှိမှာတော့ ကစားသမားဘဝ ၁၉ရာသီမြောက် အဖြစ်ဂျူဗင်တပ်စ်အသင်းနဲ့အတူ ဖြတ်သန်းနေပါတယ်။

သူဟာ ကစားသမားဘဝမှာ စပို့တင်းလစ္စဘွန်း(၅ဂိုး)၊ မန်ယူ(၁၁၈ဂိုး)၊ ရီးယဲလ်မက်ဒရစ် (၄၅၀ဂိုး)၊ ဂျူဗင်တပ်စ်(၈၅ဂိုး)နဲ့ ပေါ်တူဂီအသင်း(၁၀၂ဂိုး)တို့ အသီးသီးသွင်းယူပေးခဲ့ပါတယ်။ စီရော်နယ်လ်ဒိုရဲ့ သွင်းဂိုး ၇၆၀မှာ open play ကနေ ၅၇၀ဂိုး(၇၄.၉၇%)၊ ပင်နယ်တီကနေ ၁၃၃ဂိုး (၁၇.၅၂%)နဲ့ free kick ကနေ ၅၇ဂိုး(၇.၅၁%) သွင်းယူခဲ့တာဖြစ်ပါတယ်။

သူဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁၃၄ဂိုးသွင်းယူထားကာ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီနဲ့ ရီးယဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်(၁၁၈ဂိုးစီ)တို့ကို ၁၆ဂိုးအသာနဲ့ ကျော်ဖြတ်ကာ ဦးဆောင်နေပါတယ်။

Ballon d’Or ဆုကို ၅ကြိမ်ရရှိထားတဲ့ စီရော်နယ်လ်ဒိုဟာ ကစားသမားဘဝမှာ ချန်ပီယံလိဂ် ၅ကြိမ်၊ ပရီးမီးယားလိဂ် ၃ ကြိမ်၊ လာလီဂါ ၂ ကြိမ်၊ စီးရီးအေ ၂ ကြိမ်၊ ယူရိုချန်ပီယံ တစ်ကြိမ်၊ UEFA Nations Leagueတစ်ကြိမ်အပါအဝင် အောင်မြင်မှုများစွာရယူထားပါတယ်။

Ref: Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*