လစာနဲ့ ဘဏ္ဍာရေးစည်းမျဉ်းအခြေအနေကြောင့် အသင်းက ဘာပေထွက်မှသာ မက်ဆီကို ခေါ်ယူနိုင်ဖွယ်ရှိနေတဲ့ PSGအသင်း

ပြင်သစ်ထိပ်သီး PSGအသင်းဟာ လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် မက်ဆီကိုခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ နည်းပြသစ်ပိုချက်တီနိုအနေနဲ့ နေမာ-မက်ဆီ အတွဲကို ပြန်အသက်သွင်းချင်နေပေမယ့် ကစားသမားရဲ့ လစာမြင့်မားမှုနဲ့ အသင်းရဲ့ဘဏ္ဍာရေး စည်းမျဉ်းအပေါ် ကြိုးတန်းလမ်းလျှောက်နေရတဲ့အခြေအနေကြောင့် ဘာပေလိုကစားသမားမျိုးကို ဆုံးရှုံးနိုင်တဲ့အနေအထား ဖြစ်လာပါတယ်။

အာဂျင်တီးနားတိုက်စစ်ကစားသမား မက်ဆီဟာ နွေရာသီမှာ ဘာစီလိုနာကနေ အလွတ်ထွက်ခွာခဲ့ရင် သူ့ကိုခေါ်ယူမယ့်အသင်းတွေအနေနဲ့ တစ်ပတ်ပေါင် ၅၀၀,၀၀၀ ဝန်းကျင် ပေးချေရဖွယ်ရှိနေပါတယ်။ ဒါဟာ ကာတာသူဌေးတွေပိုင်ဆိုင်တဲ့ PSG အတွက်တော့ နေမာ၊ ဘာပေတို့လို လစာမြင့်မားတဲ့ ကစားသမားတွေရှိနေတာကြောင့် ဘဏ္ဍာရေးစည်းမျဉ်းညှိစွန်းသွားနိုင်ပါတယ်။

PSGအသင်းဟာ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ Deloitte ရဲ့တန်ကြေးအမြင့်ဆုံးအသင်းစာရင်းမှာ ပေါင်သန်း ၅၆၀နဲ့ အဆင့် ၁၅ ချိတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အသင်းရဲ့အဓိကရန်ပုံငွေဟာ အသင်းရဲ့ ဝင်ငွေကနေမဟုတ်ဘဲ ကာတာလုပ်ငန်းစုကနေသာရရှိနေတာဖြစ်လို့ UEFA က စောင့်ကြည့်လျက်ရှိပါတယ်။

စပိန်အခြေစိုက်အားကစားသတင်းစာတွေကတော့ PSGအသင်းအနေနဲ့ မက်ဆီကိုခေါ်ယူမယ်ဆိုရင် ဘာပေထွက်ခွာမှသာ ဖြစ်နိုင်လိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။ PSGအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်း ညှိစွန်းနိုင်တဲ့အခြေအနေကြောင့် အသင်းမှာ ထိပ်တန်းကစားသမား ၂ဦးသာ ထားရှိနိုင်တယ်လို့ ပြောဆိုခဲ့ဖူးပြီး လက်ရှိမှာ နေမာနဲ့ ဘာပေတို့ရှိနေပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ ဘာပေဟာ PSG အသင်းနဲ့သက်တမ်းတိုးမယ့်ကိစ္စကို ရပ်ဆိုင်းထားတာကြောင့် နွေရာသီမှာ အသင်းကနေထွက်ခွာဖို့ ဖြစ်လာနိုင်ပါတယ်။ PSGအသင်းဟာ ကိုဗစ်ကြောင့် ကွင်းဝင်ကြေးနဲ့ ရုပ်သံစာချုပ်တွေမှာ ဝင်ငွေများစွာကျဆင်းခဲ့ပြီး ဘဏ္ဍာရေးစည်းမျဉ်းအရ စောင့်ကြည့်ခံနေရတာကြောင့် မက်ဆီအတွက် လစာမြင့်ကစားသမားတစ်ဦးကို ရောင်းထုတ် သွားရပါလိမ့်မယ်။

Ref: Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*