
လီဗာပူးလ်ကစားသမားဟောင်း လိုဗရန်က နည်းပြ ဂျာဂင်ကလော့ပ်ဆီကနေ သူ့ကိုသတိရကြောင်း ဖုန်းမက်ဆေ့ချ်လက်ခံရပြီးတဲ့နောက် လီဗာပူးလ်အသင်းကနေ ထွက်ခွာခဲ့ရတဲ့အပေါ် နောင်တမရခဲ့ဘူးလို့ ပြောသွားပါတယ်။
လိုဗရန်ဟာ လီဗာပူးလ်အသင်းနဲ့ ၆ နှစ်သာ အောင်မြင်မှုတွေရယူပေးခဲ့ပြီး အသင်းမှာ ပုံမှန်ပွဲခွင့် မရတော့တဲ့နောက် ခရိုအေးရှားသား လိုဗရန်ဟာ မနှစ်ကရာသီအကုန်မှာ ရုရှားကလပ် ဇင်းနစ်အသင်းကို ပေါင် ၁၁ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
လီဗာပူးလ်ဟာ အသင်းရဲ့ပထမဦးစားပေး ခံစစ်ကစားသမားတွေဖြစ်ကြတဲ့ ဗန်ဒိုက်နဲ့ ဂိုမက်ဇ်တို့ နှစ်ယောက်စလုံး ကာလရှည်အနားယူရတဲ့ ဒဏ်ရာရခဲ့တာကြောင့် ဘေးကျပ်နံကျပ်ရာသီဖြစ်ခဲ့ရပါတယ်။
ဒီရလဒ်ကနေ အသင်းရဲ့စီနီယာအရံကစားသမားဖြစ်သူ ဂျိုးမာတစ် တစ်ယောက်တည်းသာရှိပြီး ဖာဘင်ညိုကလည်း ခံစစ်ဆင်းကစားပေးနေရပါတယ်။ မာတစ်ကလည်း ဒဏ်ရာအသေးစား ထပ်ရသွားခဲ့တာကြောင့် အသင်းအတွက် ခက်ခဲတဲ့အခြေနေနဲ့ ရင်ဆိုင်နေရပါတယ်။
လိုဗရန်က “ကျွန်တော်ထွက်လာခဲ့တာ နောင်တမရပါဘူး။ နွေရာသီတုန်းက ကျွန်တော်လီဗာပူးလ်ကနေ ထွက်မယ်ဆိုတဲ့ ဆုံးဖြတ်ကတော့ ခိုင်မာခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်နောက်ပြန်လှည့်မကြည့်ပါဘူး။”လို့ Sport Express ကို ပြောသွားပါတယ်။
“ကျွန်တော်မနှစ်က မကစားခဲ့ရတာကြောင့် စိတ်ပျက်ရပါတယ်။ ဒါပေမယ့် အခုတော့ အားလုံးကခြားနားသွားပါပြီ။ ကျွန်တော်လီဗာပူးလ်ကို လွမ်းတာထက် လီဗာပူးလ်က ကျွန်တော့်ကို ပိုလွမ်းမယ်လို့ထင်ပါတယ်။ ဒါကို ကလော့ပ်သိမှာပါ။ ဘာလို့လဲဆိုတော့ သူနဲ့ကျွန်တော် စကားပြောဖြစ်ခဲ့တယ်။ သူရေးပို့ခဲ့တာက “ငါတို့မင်းကို လွမ်းတယ်”။ လို့ပြောသွားပါတယ်။
Ref: dailymail
Leave a Reply