လမ်းပတ်နေရာမှာ အစားထိုးဖို့အတွက် အတွေ့အကြုံရင့်နည်းပြတစ်ဦးကို ရှာဖွေနေပြီဖြစ်တဲ့ ချယ်လ်ဆီးအသင်း

ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေဟာ လမ်းပတ်နေရာမှာအစားထိုးဖို့အတွက် အတွေ့အကြုံရင့် နည်းပြတစ်ဦးကို စတင်ရှာဖွေနေပြီလို့ သိရပါတယ်။ လမ်းပတ်ဦးဆောင်တဲ့ ချယ်လ်ဆီးအသင်းဟာ မနေ့ညကပွဲစဉ်မှာ လက်စတာအသင်းကို ၂-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ဒီရာသီလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲ ၆ပွဲအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

လမ်းပတ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၂၃၀ အထိ အသုံးပြုကာ တီမိုဝါနာ၊ ကိုင်ဟာဗက်ဇ်၊ ဇီယက်၊ ဘင်ချီဝဲလ်တို့လို ကစားသမားတွေကိုခေါ်ယူခဲ့ပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲ ရလဒ်တွေဆိုးရွားနေတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ဟာ အရင်ကနည်းပြတွေကို အလျင်အမြန်ထုတ်ပယ်လေ့ရှိပေမယ့် လမ်းပတ်ကိုတော့ အချိန်ပေးစောင့်ကြည့်နေခဲ့တာပါ။ လမ်းပတ်ကတော့ အသင်းရဲ့အခြေအနေဟာ အပြောင်းအရွှေ့ပိတ်ခံခဲ့ရတာနဲ့ ကစားသမားသစ်တွေအထိုင်မကျသေးတာကြောင့်လို့ ပြောဆိုခဲ့ပါတယ်။

လမ်းပတ်က “ဖိအားတွေကိုကိုင်တွယ်ရာမှာ ကျွန်တော်က ကောင်းကောင်းလုပ်ဆောင်နိုင်ပါတယ်။ ဒီအလုပ်ကိုစလုပ်ကတည်းက ခက်ခဲတဲ့အချိန်တွေရောက်လာမယ်ဆိုတာ သိရှိပြီးသားပါ။ ကျွန်တော်တို့ အပြောင်းအရွှေ့ပိတ်ခံခဲ့ရတယ်။ လူငယ်ကစားသမားတွေပဲရှိခဲ့တယ်။ အခု ကစားသမားသစ်တွေ ရောက်လာတယ်။”

“ဒီအခြေအနေကို ကျွန်တော်နားလည်သလိုပြောရရင် အခု ချယ်လ်ဆီးအသင်းက ကျွန်တော်တို့ကစားတဲ့အ ချိန်က အသင်းအခြေအနေမျိုးမဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ကိုရယူနိုင်ခဲ့တဲ့အသင်းနဲ့ အခု အသင်းအခြေအနေက ကွာခြားပါတယ်” လို့ ပြောဆိုခဲ့တယ်။

ချယ်လ်ဆီးအသင်းဟာ လက်စတာကိုရှုံးနိမ့်ခဲ့ပြီး နောက် အမှတ်ပေးဇယားအဆင့် ၈နေရာမှာရပ်တည်နေပြီး ထိပ်ဆုံးက လက်စတာအသင်းနဲ့လည်း ၉မှတ်အထိကွာဟလျက်ရှိပါတယ်။

Ref: Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*