ရည်ရွယ်ချက်ထင်ရှားရင် ၁၂ ပွဲအထိ ပွဲပယ်ခံရနိုင်တဲ့ မက်ဆီ

တနင်္ဂနွေညက ကစားခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲစဥ်မှာ မက်ဆီဟာ ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာ အနီကတ်ပြ ထုတ်ခံခဲ့ရပါတယ်။ အဲ့ဒီဖြစ်စဥ်ကြောင့် မက်ဆီဟာ ၁၂ ပွဲပယ်  ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။

အာဂျင်တီးနားသား မက်ဆီဟာ ဘောလုံးမရှိတဲ့အချိန် ဘီလ်ဘာအိုတိုက်စစ်မှူးရဲ့ ခေါင်းနားကို ဖြတ်ရိုက်လိုက်တာကြောင့် ပွဲပြီးခါနီး အချိန်ပိုမှာ အနီကတ်ပြထုတ်ခံခဲ့ရပြီး မက်ဆီရဲ့ ဘာစီလိုနာကစားသမားဘဝ တစ်လျှောက် ပထမဦးဆုံးရခဲ့တဲ့ အနီကတ်လည်း ဖြစ်ခဲ့ပါတယ်။

စပိန် FA အဖွဲ့ချုပ်က အဲ့ဒီဖြစ်ရပ်ကို ပြန်ကြည့်ပြီး တကယ်လို့ မက်ဆီသာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့မယ်ဆိုရင် ၄ ပွဲကနေ ၁၂ ပွဲအထိ ပွဲပယ်ခံရနိုင်ပါတယ်။

တကယ်လို့ စပိန် FA အဖွဲ့ချုပ်က ရည်ရွယ်ချက်ရှိတဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ယူဆလိုက်ရင်တော့ မက်ဆီရဲ့ ပွဲပယ်ပြစ်ဒဏ်က ၁ ပွဲကနေ ၃ ပွဲအထိ ဖြစ်ပါလိမ့်မယ်။

နည်းပြရော်နယ်လ်ကိုးမန်းကတော့ မက်ဆီက ပွဲစဥ်တစ်လျှောက်လုံး ခဏခဏပြစ်ဒဏ်ကျူးလွန်ခံရတော့ အခုလိုပေါက်ကွဲတာ မအံ့သြမိပါဘူးလို့ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

ကိုးမန်းက ပွဲအပြီးမှာ “မက်ဆီလုပ်ခဲ့တဲ့အပေါ် ကျွန်တော် နားလည်ပါတယ်။ သူ့ဘယ်နှစ်ကြိမ်လောက်  ကြမ်းကြမ်းတမ်းတမ်းကစားတာခံရလဲ ကျွန်တော်မသိဘူး။ ဘောလုံးနဲ့ အလိမ်အခေါက် ကစားတတ်တဲ့သူဟာ ခဏခဏ foul ခံရရင်တော့ ဒီလိုကိစ္စက ပုံမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော် သေချာတော့  ပြန်ကြည့်ပါမယ်။” လို့ ပြောသွားပါတယ်။

စပိန်စူပါဖလားဖိုင်နယ်ပွဲစဥ်မှာ ဘီလ်ဘာအိုကို (၂-၃)နဲ့ ရှုံးနိမ့်ခဲ့ပြီး နည်းပြရော်နယ်လ်ကိုးမန်းရဲ့ ဘာကာအတွက် ပထမဦးဆုံး ဖိုင်နယ်ရှုံးပွဲ ဖြစ်သွားခဲ့ပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*