
အာဆင်နယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းကာ ဖီနာဘာချီအသင်းကိုပြောင်းရွှေ့ခွင့်ရခဲ့ပြီးနောက် အိပ်မက်တွေအမှန်တကယ်ဖြစ်လာပြီလို့ အိုဇေးလ်က ပြောဆိုခဲ့ပါတယ်။ အိုဇေးလ်ဟာ မနေ့က တူရကီကိုရောက်ရှိလာခဲ့ ပြီးနောက် အခုလိုပြောဆိုခဲ့တာဖြစ်ပြီး လာမယ့် ရက်ပိုင်းအတွင်း ဖီနာဘာချီအသင်းနဲ့ ၃နှစ်ခွဲသက်တမ်းရှိစာချုပ်ချုပ်ဆိုသွားမှာပါ။
အိုဇေးလ်က “ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်က ဖီနာဘာချီပရိသတ်လေ၊ အခုတော့ အိပ်မက်တွေ တကယ်ဖြစ်လာပါပြီ။ ဒီအသင်းအကျကို ဝတ်ဆင်ဖို့အတွက် ကျွန်တော်အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့်အသင်းဖော်တွေနဲ့အတူ အောင်မြင်မှုတွေရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီကိုရောက်ရှိလာတဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်။ ကွင်းထဲမှာ ကောင်းမွန်တဲ့ခြေစွမ်းနဲ့ ပရိသတ်တွေကို ကျေးဇူးဆပ်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ဆိုခဲ့တယ်။
အိုဇေးလ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်အသင်းလေ့ကျင့်ရေးကွင်းသွားရောက်ပြီး အသင်းဖော်တွေနဲ့ဝန်ထမ်းတွေကို နှုတ်ဆက်ခဲ့ပြီးနောက် သီးသန့်ဂျက်လေယာဉ်နဲ့တူရကီကို ရောက်လာတာဖြစ်ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာဟာ အိုဇေးလ်နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ပြီးနောက် ဒီရာသီအသင်းရဲ့ ပရီးမီးယားလိဂ်နဲ့ယူရိုပါလိဂ်လူစာရင်းတွေမှာ ချန်လှပ်ခဲ့ပါတယ်။ အိုဇေးလ်ရဲ့အပြောင်းအရွှေ့အတွက် အာဆင်နယ်အသင်း နည်းစနစ်ဒါရိုက်တာ အီဒူး၊ ဖီနာဘာချီအသင်းဒါရိုက်တာ အမ်မရီနဲ့ အိုဇေးလ်ရဲ့ အေးဂျင့်တို့က ဆွေးနွေးခဲ့ကြပြီး အခုလိုထွက်ခွာခွင့်ရခဲ့တာဖြစ်ပါတယ်။
ဂျာမနီကွင်းလယ်လူဟောင်း အိုဇေးလ်ဟာ ၂၀၁၃ခုနှစ်မှာ ရီးယဲလ်အသင်းကနေ အာဆင်နယ်ကို ရောက်ရှိလာပြီးနောက် ပြိုင်ပွဲစုံ ၂၅၉ပွဲကစားကာ ၄၄ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၇၇ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်အသင်းနဲ့အတူ FA ဖလား ၄ကြိမ်ရယူနိုင် ခဲ့ပါတယ်။
Ref:Sky Sports
Leave a Reply