လီဗာပူးလ်နဲ့ပွဲရလဒ်ကိုကစားသမားတွေစိတ်ပျက်ခဲ့ပြီး နောက်တစ်ကြိမ်အန်ဖီးလ်ကွင်းမှာ ပိုကောင်းအောင် ကစားပြမယ်လို့ ဆိုးလ်ရှား ကြုံးဝါး

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက မနေ့ညကစားခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးလ်နဲ့ဂိုးမရှိသရေကျခဲ့ခြင်းအပေါ် အသင်းကစားသမားတွေ စိတ်ပျက်ခဲ့ပြီး နောက်တစ်ကြိမ် အန်ဖီးလ်မှာ ပိုကောင်းအောင်ကစားပြမယ်လို့ ကြုံးဝါး ပြောဆိုခဲ့ပါတယ်။

လီဗာပူးလ်အိမ်ကွင်း အန်ဖီးလ်မှာကစားတဲ့ အဲဒီပွဲစဉ်မှာ အိမ်ရှင်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် ဘရူနိုဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ရဲ့ ဂိုးရရှိရေးကြိုးပမ်းမှုတွေကို ဂိုးသမား အယ်လစ်ဆွန် လက်စွမ်းပြကာကွယ်ခဲ့လို့သာ သက်သာရာရခဲ့တာပါ။

မန်ယူအသင်းဟာ လီဗာပူးလ်နဲ့ သရေကျခဲ့ပေမယ့် အမှတ်ပေးဇယားဒုတိယနေရာက တစ်ပွဲလျော့ကစားထားတဲ့ မန်စီးတီးကို ၂မှတ်ဖြတ်ကာ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။

အဲဒီပွဲက အသင်းရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်ကို ဘယ်လိုကစားရမယ်ဆိုတာ မိမိတို့သိရှိထားပြီလို့ ဆိုးလ်ရှားက ဆိုပါတယ်။ မန်ယူအသင်းဟာ အန်ဖီးလ်မှာ လီဗာပူးလ်ကိုအနိုင်မရတာ ၆နှစ်အထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဆိုးလ်ရှားက “တစ်ပွဲလုံးကိုခြုံကြည့်မယ်ဆိုရင် ကျွန်တော်တို့ အခွင့်အရေးပိုရရှိအောင် ကစားနိုင်ခဲ့တယ်။ နောက်တစ်ကြိမ် ဒီမှာလာကစားတဲ့ အခါကျရင် အခုရရှိခဲ့တဲ့အတွေ့အကြုံက အများကြီးအထောက်အကူ ပြုပါလိမ့်မယ်။ ဘောလုံးပိုင်ဆိုင်မှု ပိုရယူဖို့လိုအပ်တယ်လို့ ထင်ပါတယ်။ အခုထက်ပိုကောင်းအောင် ကစားနိုင်မယ်ဆိုတာတော့ သေချာပါတယ်။ ဒီရလဒ်ကို ကစားသမားတွေက စိတ်ပျက်ခဲ့ကြတယ်။ ဒါက ရှိသင့်တဲ့ စိတ်ခံစားမှုမျိုးပါ။ ကျွန်တော်တို့ အခွင့်အရေးတချို့ လွဲချော်ခဲ့တယ်။ နောက်တစ်ကြိမ် ဒီမှာပြန်တွေ့ရင်တော့ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းဆိုတာ ပြသနိုင်မှာပါ” လို့ ကြုံးဝါးခဲ့တယ်။

ဆိုးလ်ရှားက လီဗာပူးလ်အသင်းဗဟိုနောက်ခံလူတွေဒဏ်ရာရနေတာကြောင့် ကွင်းလယ်လူတွေဖြစ်တဲ့ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့ ခံစစ်နေရာဝင်ကစားခဲ့တာကိုလည်း ချီးကျူးခဲ့ပါတယ်။ မန်ယူအသင်းဟာ လာမယ့် တနင်္ဂနွေညမှာ FA ဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် အိုးလ်ထရက်ဖို့ဒ်မှာ လီဗာပူးလ်အသင်းကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။

Ref:Liverpoolecho

Be the first to comment

Leave a Reply

Your email address will not be published.


*