ကြောက်မက်ဖွယ် ဒူးဒဏ်ရာရရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ်ဘောလုံးနဲ့ ထိတွေ့ခွင့်ရပြီဖြစ်တဲ့ ဗန်ဒိုက်

လီဗာပူးလ်အသင်းဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလက ကြောက်မက်ဖွယ် ဒူးဒဏ်ရာ ရရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဘောလုံးနဲ့ထိတွေ့ခွင့်ရပြီဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဗန်ဒိုက်(၂၉နှစ်)ဟာ ပြီးခဲ့တဲ့အောက်တိုဘာလက ကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ ပြိုင်ဘက်ဂိုးသမားပစ်ဖို့ဒ်နဲ့ထိခိုက်မိခဲ့ပြီး ဒူးအရွတ်ကြော စုတ်ပြဲသွားခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာ ဗန်ဒိုက်ဟာ ဒဏ်ရာအကင်းပျောက်ဖို့အတွက် လေ့ကျင့်ပြင်ဆင်မှုတွေကို ဒူဘိုင်းမှာရှိတဲ့ NAS အားကစားစင်တာမှာ သွားရောက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ NAS စင်တာဟာ အဆင့်မြင့် အားကစားလေ့ကျင့်ရေးကိရိယာအစုံရှိသလို နာမည်ကျော်ထရိန်နာတွေလည်းရှိပြီး ရာသီကုန်ချိန်မှာ ကမ္ဘာ အရပ်ရပ်က အားကစားသမားတွေလာရောက် လေ့ကျင့်ကြတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဗန်ဒိုက်က သူလေ့ကျင့်နေတာကိုဗီဒီယိုရိုက်ကာ အင်စတာဂရမ်မှာတင်ခဲ့ပြီး ပရိသတ်တွေကို အသိပေး ပြသခဲ့ပါတယ်။ ဗန်ဒိုက်ကိုရာသီကုန် အထိဆုံးရှုံးရနိုင်တယ်လို့ စိုးရိမ်ခဲ့ကြပေမယ့် လက်ရှိလေ့ကျင့်နေပုံအရ လီဗာပူးလ်ပရိသတ်တွေက သူ့အနေနဲ့ မကြာမီ အသင်းရဲ့ချန်ပီယံဆုရယူရေးကို ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ဒူဘိုင်းလေ့ကျင့်ရေးစင်တာမှာ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းဖော်ဟောင်း လိုဗရန်နဲ့လည်း လေ့ကျင့်မှုတွေ အတူပြုလုပ်ခဲ့သလို နယ်သာလန်တိုက်စစ်မှူးဟောင်း ဆီးဒေါ့ဖ်ကလည်း စိတ်ပိုင်းဆိုင်ရာ တိုးတက်ရေးအတွက် အကြံပေးခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ်တို့ ကာလရှည်အနားယူနေရသလို ဂျိုးလ်မာတစ်ကလည်း ကြံခိုင်မှုပိုင်းအားနည်းတာကြောင့် ဗဟိုခံစစ်နေရာအတွက် အခက်အခဲ ကြုံတွေ့နေရပါတယ်။

Ref: Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*