ပင်နယ်တီနဲ့ပတ်သက်ပြီး ကလော့ပ်ရဲ့ပြောဆိုမှုဟာ ဒိုင်လူကြီးတွေကို ဖိအားပေးဖို့သာဖြစ်တယ်လို့ ဘရူနိုဖာနန်ဒက်စ် တုံ့ပြန်

မန်ယူအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က မိမိတို့အသင်းရရှိတဲ့ ပင်နယ်တီနဲ့ပတ်သက်ပြီး ကလော့ပ်ရဲ့ပြောဆိုမှုဟာ ဒိုင်လူကြီးတွေကို ဖိအားပေးဖို့သာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ကလော့ပ်က ဆောက်သမ်တန်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး မန်ယူအသင်း ၂နှစ်အတွင်းရတဲ့ ပင်နယ်တီဟာ သူ့လီဗာပူးလ်အသင်း ၅နှစ်ခွဲအတွင်းရတဲ့ ပင်နယ်တီအရေအတွက်ထက် ပိုများတယ်လို့ ဆိုခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူအသင်းကိုရောက်ရှိခဲ့တဲ့ တစ်နှစ်အတွင်း ပင်နယ်တီ ၁၅ကြိမ်ကန် ခွင့်ရခဲ့ပြီး ၁၄ကြိမ် ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်က သူ့အနေနဲ့ ကလော့ပ်ရဲ့ ပြောဆိုမှုကိုဂရုစိုက်နေမှာမဟုတ်ဘဲ အသင်း ပင်နယ်တီရရှိလာပါက ဂိုးဝင်အောင်ကန်သွင်းဖို့သာ အဓိကထားတယ်လို့ ဆိုခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က” လူတွေပြောတဲ့စကားကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့တိုက်စစ်မှာ အရမ်းမြန်တဲ့ကစားသမားတွေရှိနေတယ်။ မာစီယဲလ်က ပင်နယ်တီဧရိယာထဲမှာ တစ်ယောက်ချင်းတွေ့မယ်ဆိုရင် အကောင်းဆုံးကစားသမားပဲ။ ရက်ဖို့ဒ်ကလည်း ဘယ်အချိန်မှာမဆို ဘောလုံးကို ပြိုင်ဘက်နဲ့ဝေးရာ ဆွဲထုတ်နိုင်တယ်တဲ့ လျင်မြန်မှုရှိပါတယ်။”

” ဒီလိုလျင်မြန်တဲ့ကစားသမားတွေရှိနေတာမို့ ပင်နယ်တီတွေကလည်း မကြာခဏရရှိနေတာပါ။ ကျွန်တော်ကတော့ အသင်းပင်နယ်တီရတဲ့အခါ ဂိုးဝင်အောင်သွင်းဖို့ပဲ အလေးထားပါတယ်။ ကျွန်တော် စပို့တင်းမှာ ကစားနေတုန်းက လည်း ပေါ်တို၊ ဘင်ဖီကာတို့က အခုလို ဒိုင်လူ ကြီးကိုဖိအားပေးဖို့အတွက် ပြောဆိုတာမျိုးရှိခဲ့ပါတယ်” လို့ ပြောဆိုခဲ့တယ်။

ဒီနေ့ညကစားမယ့် လီဗာပူးလ်-မန်ယူပွဲစဉ်ကို ကိုင်တွယ်မယ့် ကွင်းလယ်ဒိုင် ပေါလ်တီယာနေးဟာ သူ့နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ မန်ယူအသင်းရဲ့ပွဲစဉ် ၁၀ပွဲမှာ မန်ယူအသင်းကို ပင်နယ်တီ ၅ကြိမ် ကန်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

Ref:liverpoolecho

Be the first to comment

Leave a Reply

Your email address will not be published.


*