ပင်နယ်တီကန်ရဖို့အတွက် ကွင်းထဲမှာထက်လေ့ကျင့်ရေးအစီအစဉ်မှာက ပြိုင်ဆိုင်မှု ပိုပြင်းထန်တယ်လို့ ဖွင့်ဟခဲ့တဲ့ ရက်ဖို့ဒ်

မန်ယူအသင်းတိုက်စစ်ကစားသမား ရက်ဖို့ဒ်ကအသင်းသားတွေဟာ ပင်နယ်တီကန်ရဖို့အတွက် ပြိုင်ပွဲကစားတဲ့ ကွင်းထဲမှာထက် လေ့ကျင့်ရေးအစီအစဉ်မှာက ပြိုင်ဆိုင်မှုပိုပြင်းထန်လေ့ရှိတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် ဒီရာသီမန်ယူအသင်းကစားတဲ့ပွဲစဉ်တွေမှာ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပင်နယ်တီကိုကန်သွင်းဖို့ အဓိကတာဝန်ပေးခံထားရပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ အသင်းရရှိတဲ့ ပင်နယ်တီ ၁၁ကြိမ်ထဲက ၈ကြိမ်ကို ကန်သွင်းခဲ့ရပြီး ၇ကြိမ် ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။

ကျန်တဲ့ပင်နယ်တီ ၃ကြိမ်ကိုတော့ ရက်ဖို့ဒ်၊မာစီယဲလ်နဲ့ မာတာတို့က ကန်ခဲ့ပြီး ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပေါ့ဘာနဲ့ဂရင်းဝုဒ်တို့ကလည်း ပြီးခဲ့တဲ့ရာသီမှာ ပင်နယ်တီကနေ တစ်ဂိုးစီသွင်းယူနိုင်ခဲ့ပါတယ်။

ဒီလိုပင်နယ်တီကန်နိုင်တဲ့ကစားသမားတွေများပြားနေတာကြောင့် အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပင်နယ်တီရရှိတိုင်း အလုအယက်ကန်သွင်းဖို့ ကြိုးစားကြတယ်လို့ ရက်ဖို့ဒ်ကဖွင့်ဟခဲ့တာပါ။

ရက်ဖို့ဒ်က” တကယ်ပွဲကစားချိန်မှာထက် လေ့ကျင့်ရေးအစီအစဉ်မှာက ပိုဆိုးပါတယ်။ ဒိုင်လူကြီးဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ပင်နယ်တီကန်ရဖို့အတွက် အမြဲ ငြင်းခုံကြလေ့ရှိပါတယ်။ ဒါက လေ့ကျင့်ရေးအစီအစဉ်တိုင်း ကျွန်တော်တို့ ဖြစ်နေကျပါ” လို့ဆိုခဲ့တယ်။

မန်ယူအသင်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ပင်နယ်တီကန်ခွင့် ၁၁ကြိမ်ရရှိထားပြီး ပြီးခဲ့တဲ့ရာသီက၂၂ကြိမ်ရရှိခဲ့တဲ့မှတ်တမ်းကို ကျော်ဖြတ်သွားဦးမလားဆိုတာ စောင့် ကြည့်ရမှာပါ။

Ref: manchestereveningnews

Be the first to comment

Leave a Reply

Your email address will not be published.


*