မိမိဟာ ဖာဂူဆန်မဟုတ်တဲ့အတွက် ဒိုင်လူကြီးတွေကို စိတ်ဓာတ်စစ်ဆင်ရေးလုပ်မှာ မဟုတ်ဘူးလို့ ကလော့ပ်ပြောကြား

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က သူဟာ မန်ယူနည်းပြဟောင်း ဖာဂူဆန်မဟုတ်တဲ့အတွက် ဒိုင်လူကြီးတွေကို စိတ်ဓာတ်စစ်ဆင်ရေးလုပ်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ကလော့ပ်ဟာ ဆောက်သမ်တန် ၁-၀ လီဗာပူးလ်ပွဲစဉ်မှာ မာနေးရဲ့ပင်နယ်တီတောင်းဆိုမှု၂ကြိမ်ကို ဒိုင်လူကြီးက ပယ်ချခဲ့တာကိုအကြောင်းပြုပြီး မန်ယူအသင်း ၂နှစ်အတွင်းရတဲ့ ပင်နယ်တီအရေအတွက်ဟာ လီဗာပူးလ်အသင်းကို သူကိုင်တွယ်တဲ့သက်တမ်း(၅နှစ်ခွဲ)အတွင်း ရတဲ့ပင်နယ်တီထက် ပိုများတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီစကားကို ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ကလက်တန်ဘတ်က ကလော့ပ်ဟာ ပွဲမတိုင်မီ ဒိုင်လူကြီးတွေကို စိတ်ဓာတ်စစ်ဆင်ရေးလုပ်လေ့ရှိတဲ့ ဖာဂူဆန်ကိုအတုယူနေပြီလို့ ဝေဖန်ခဲ့တာပါ။

ဖာဂူဆန်ဟာ မန်ယူအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆု ၁၃ကြိမ်ရရှိအောင် ဦးဆောင်ခဲ့ပြီး သူကိုင်တွယ်နေစဉ်အတွင်း ပြိုင်ဘက်နည်းပြတွေနဲ့ ဒိုင်လူကြီးတွေကို ပွဲမတိုင်မီ စိတ်ဓာတ်စစ်ဆင်ရေးလုပ်တတ်သူလို့ လူသိများပါတယ်။

ကလက်တန်ဘတ်က ကလော့ပ်ဟာ မန်ယူနဲ့ပွဲမတိုင်မီ ပွဲကိုကိုင်တွယ်မယ့် ဒိုင်လူကြီးဖြစ်သူပေါလ်တီယာနေးကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်လိုက်တာလို့ သွယ်ဝိုက်ပြောဆိုခဲ့ပါတယ်။

ကလော့ပ်က ” ကျွန်တော်ပြောခဲ့တာနဲ့ပတ်သက်ပြီးတစ်စုံတစ်ယောက်က တုံ့ပြန်ပြောဆိုနေတာကို မအံ့သြပါဘူး။ ကလက်တန်ဘတ်ပြောနေတာတွေအတွက်လည်း မအံ့သြပါဘူး။ ကျွန်တော်က ဖာဂူဆန်မဟုတ်လို့ပါ။ အဲဒီစကားကလည်း စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာမလုပ်ဘူး။”

“ဆောက်သမ်တန်နဲ့ပွဲအပြီးမှာ ပြောတာ။ မန်ယူနဲ့ပွဲမကစားခင် အက်စတွန်ဗီလာနဲ့ FAဖလားပွဲကစားခဲ့ရသေးတယ်။ အဲဒီစကားပြောခဲ့တုန်းက မန်ယူနဲ့ပွဲအကြောင်း တစ်စက္ကန့်တောင်မှ ကျွန်တော်မတွေးခဲ့ဘူး ” လို့ တုံ့ပြန်ခဲ့ပါတယ်။

ကလော့ပ်က မန်ယူအသင်းကိုအနိုင်ရဖို့အတွက် ဘယ်ပြိုင်ပွဲမှာမဆို ပွဲမတိုင်မီ စိတ်ဓာတ်ခွန်အားရယူဖို့မလိုအပ်ဘူးလို့လည်း ပြောဆိုသွားခဲ့ပါတယ်။

Ref: ESPN

….

Be the first to comment

Leave a Reply

Your email address will not be published.


*