ဒီရာသီကုန်မှာ မန်ယူအသင်းရပ်တည်နိုင်မယ့် အမှတ်ပေးဇယားနေရာကို ခန့်မှန်းလိုက်တဲ့ တိုက်စစ်မှူးဟောင်း အင်ဒီကိုးလ်

မန်ယူအသင်းတိုက်စစ်မှူးဟောင်း အင်ဒီကိုးလ်က ဒီရာသီကုန်မှာ မန်ယူအသင်းရပ်တည်နိုင်မယ့်အမှတ်ပေးဇယားနေရာကို ခန့်မှန်းလိုက်ပါတယ်။

အင်ဒီကိုးလ်ရဲ့ခန့်မှန်းချက်ဟာ မန်ယူအသင်းပရိသတ်တွေအတွက်တော့ ကျေနပ်စရာမဟုတ်ပေမယ့် ကျိုးကြောင်းဆီလျော်တဲ့သုံးသပ်မှုလို့လည်း မြင်နိုင်ပါတယ်။

မန်ယူအသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယားကိုဦးဆောင်နေပြီး ဒုတိယနေရာက လီဗာပူးလ်အသင်းကို ၃မှတ်ဖြတ်ထားပါတယ်။ ဒါ့အပြင် တစ်ပွဲလျော့ကစားထားတဲ့ တတိယနေရာက မန်စီးတီးကိုလည်း ၄မှတ်အသာရနေပါတယ်။

ဒီလိုအခြေအနေမှာ မန်ယူအသင်းအနေနဲ့ ၂၀၁၂-၁၃ ရာသီက နည်းပြဖာဂူဆန်လက်ထက်နောက်ဆုံးရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို တစ်ကျော့ပြန်ရယူနိုင်ဖို့ မျှော်လင့်နေကြတာပါ။

အင်ဒီကိုးလ်ကတော့ မန်ယူအသင်းဟာ ဆိုးလ်ရှားလက်အောက်မှာ အများကြီးတိုးတက်လာပေမယ့် ဒီရာသီမှာ ချန်ပီယံဆုအတွက်အသင့်မဖြစ်သေးဘူးလို့ ခန့်မှန်းလိုက်ပါတယ်။

အင်ဒီကိုးလ်က ” ဒီရာသီမှာ မန်ယူအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်သလားလို့ မေးတဲ့အပေါ် ရိုးရိုးသားသားဖြေရမယ်ဆိုရင်မဖြစ်နိုင်သေးဘူးလို့ ဆိုချင်ပါတယ်။ အိုလီ(ဆိုးလ်ရှား)ကို မန်ယူအသင်းနည်းပြရာထူးနဲ့မထိုက်တန်ဘူးလို့ အားလုံးက ထင်ခဲ့ကြတယ်။ ဒါပေမဲ့ အမှတ်ပေးဇယားထိပ်ရောက်အောင် အသင်းကို သူမောင်းနှင်နိုင်ခဲ့တယ်။ အခုလိဂ်ပြိုင်ပွဲကိုခင်ဗျားကြည့်လိုက်ပါဦး၊ မန်စီးတီးဟာ ၂ပတ်၊ ၃ပတ်လောက် ပုံစံကောင်းမပြနိုင်ခဲ့ဘူး။ အခုမန်စီးတီးက လက်ကျန်တစ်ပွဲနိုင်ရင် မန်ယူနဲ့တစ်မှတ်ပဲ ကွာတော့မယ်။ ဆိုတော့.. မန်စီးတီးတို့ လီဗာပူးလ်တို့လို အသင်းတွေမှာရှိတဲ့အရည်အသွေးပိုင်းကို ကျွန်တော်တို့ သဘောကျနှစ်သက်မိပါတယ်။

ရာသီတစ်ခုမှာ လီဗာပူးလ်နောက် အမှတ် ၄၀လောက် ပြတ်ကျန်ခဲ့တာကို နီးကပ်အောင်လုပ်ဖို့ အခွင့်အရေးရှိနေပေမယ့် ချန်ပီယံဆုအတွက်ဆိုရင်တော့ ဖြစ်နိုင်ချေသိပ်မရှိပါဘူး။ ဒီရာသီမှာ မန်စီးတီးနဲ့လီဗာပူးလ်ကိုကျော်ပြီး ချန်ပီယံဖြစ်နိုင်တဲ့အခြေအနေ ကျွန်တော်တို့အသင်းမှာမရှိသေးဘူးလို့ ထင်ပါတယ်။ ဒီပုံစံအတိုင်း ဆက်ကြိုးစားမယ်ဆိုရင်တော့ လာမယ့်ရာသီမှာ အခုထက်ပိုမျှော်လင့်နိုင်မှာပါ” လို့ talkSPORT ကိုသုံးသပ်ပြောဆိုခဲ့ပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး၅ပွဲမှာ ၄ပွဲနိုင်၊ ၁ပွဲသရေ ကစားခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ကိုရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီတနင်္ဂနွေမှာ လီဗာပူးလ်အသင်းကိုအဝေးကွင်းပွဲစဉ်သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Ref: thesportreview

Be the first to comment

Leave a Reply

Your email address will not be published.


*