
မန်ယူအသင်းနဲ့ အင်္ဂလန်အသင်းတိုက်စစ်မှူးဟောင်း ရွန်နီဟာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းနည်းပြအဖြစ် တရားဝင်ခန့်အပ်ခံရပြီးနောက် ၁၉နှစ်ကြာကျင်လည်ခဲ့တဲ့ကစားသမားဘဝကနေ အနားယူပြီလို့ ကြေညာခဲ့ပါတယ်။
အသက် ၃၅နှစ်ရှိပြီဖြစ်တဲ့ ရွန်နီဟာ ပြီးခဲ့တဲ့နှစ် နိဝင်ဘာလက ဖီးလစ်ကိုကူးထုတ်ပယ်ခံရပြီးနောက် ဒါဘီအသင်းမှာ နည်းပြ/ကစားသမားအဖြစ် ၁၈ လစာချုပ်နဲ့ တာဝန်ယူနေတာဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဒါဘီအသင်းဟာ ရွန်နီကို၂နှစ်ခွဲစာချုပ်နဲ့ နည်းပြအဖြစ်တရားဝင်ခန့်အပ်လိုက်တာကြောင့် သူ့အနေနဲ့ ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ရွန်နီက” ကျွန်တော့်ဘဝတစ်ခုလုံး ဘောလုံးကစားခြင်းနဲ့ပဲ ကုန်ဆုံးခဲ့တယ်။ ဒါကြောင့်လည်း အခုအချိန်မှာ ဘောလုံးရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ အခွင့်အရေးရခဲ့တယ်။ ကျွန်တော့်အတွက်တော့ ဒါက သင်ခန်းစာအသစ်၊ ခြေလှမ်းသစ်တစ်ခုပါပဲ။
“ဘောလုံးကစားခဲ့တဲ့အချိန်တွေကို လွမ်းနေမလားလို့မေးရင် Yesလို့ဖြေမှာပါ။ ဒါပေမဲ့ အချိန်ကို ရပ်တန့်လို့မရပါဘူး။ ကျွန်တော့်မှာ ဘောလုံးကစားဖို့ အချိန်တွေရှိခဲ့တယ်။ အခုအချိန်ကတော့ လူငယ်သွေးသစ်တွေကို အခွင့်အရေးပေးဖို့ပါပဲ။ ကျွန်တော်ကတော့ သူတို့ကို သင်ကြားပြသသွားရမှာပါ။ ကစားသမားဘဝမှာ အနိမ့်အမြင့်၊ အတက်အကျတွေကြုံခဲ့ရပေမယ့် ကျွန်တော် ဘယ်တော့မှ မပြောင်းလဲပါဘူး” လို့ ဆိုခဲ့တယ်။
ရွန်နီဟာ မန်ယူအသင်းမှာ ကစားခဲ့တဲ့ ၁၃ရာသီအတွင်း ၅၅၉ပွဲကစားကာ ၂၅၃ဂိုးသွင်းယူပေးခဲ့ပြီး အသင်းသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်လျက်ရှိပါတယ်။
မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ၅ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် အောင်မြင်မှုများစွာရယူနိုင်ခဲ့တဲ့ ရွန်နီဟာ အင်္ဂလန်အသင်းအတွက်လည်း ၁၂၀ပွဲကစားကာ ၅၃ဂိုးသွင်းယူပေးခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားပါတယ်။
Ref: Daily Mail
Leave a Reply