
လာမယ့် တနင်္ဂနွေနေ့မှာ ယူနိုက်တက်တို့ လက်ရှိလိဂ်ချန်ပီယံ လီဗာပူးလ်ကို အန်းဖီးလ်မှာ အနိုင်ကစားနိုင်ခဲ့ရင် ပရီးမီးယားလိဂ်ထဲ အားလုံးကို အံ့အားသင့်အောင် လုပ်နိုင်ပါလိမ့်မယ်လို့ လီဗာပူးကစားသမားဟောင်း ဂျေမီကာရေဂါက ပြောသွားခဲ့ပါတယ်။
ဂျာဂင်ကလော့ပ် အသင်းကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ၃ ပွဲဆက်အနိုင်ပျောက်ဆုံးနေပေမယ့် ယူနိုက်တက်ကတော့ ၃ မှတ်အကွာနဲ့ ဇယားထိပ်မှာရောက်ရှိနေပြီး အန်းဖီးလ်မှာ လီဗာပူးလ်ကို သွားရောက်ရင်ဆိုင်ဖို့ ယုံကြည်ချက်အပြည့် ရှိနေပါတယ်။
ယူနိုက်တက်သာ အနိုင်ကစားနိုင်ခဲ့ရင် ၆ မှတ်အကွာနဲ့ ဇယားထိပ်ကို ဦးဆောင်သွားနိုင်မှာဖြစ်ပြီး အိမ်ရှင်လီဗာပူးလ်ရဲ့တာဝန်ကတော့ အနိုင်ယူပြဖို့နဲ့ သူတို့ဟာ အကောင်းဆုံးအသင်းဖြစ်တယ်ဆိုတာ သက်သေပြနိုင်လိမ့်မယ်လို့ ကာရေဂါက ယုံကြည်နေပါတယ်။
“ကျွန်တော်ထင်တယ် ဒီကစားပွဲက လီဗာပူးလ်အတွက် ကြီးမားတဲ့ပွဲစဥ်ဖြစ်တယ်။ သူတို့အပေါ် လည်း အများကြီးမူတည်နေပါတယ်။”လို့ ကာရေဂါက sky sports ကို ပြောသွားပါတယ်။
“တကယ်လို့ ယူနိုက်တက်သာ အဲ့ဒီပွဲစဥ်မှာအနိုင်ရသွားခဲ့ရင် သူတို့ ပရီးမီးယားလိဂ်ဖလားကို စွတ်ခူးနိုင်လောက်တယ်ဆိုတဲ့ ယုံကြည်ချက်ကတော့ ဖြစ်လာမှာပါ။ လူတွေက လီဗာပူးလ်အသင်း အသာစီးရနေပြီး ယူနိုက်တက်တို့ကတော့နောက်ကျကျန်ခဲ့မှာပဲလို့ တွေးနေတယ်လို့ ကျွန်တော်ထင်တယ်။ တကယ်လို့ သူတို့အန်းဖီးလ်မှာ အနိုင်ရသွားရင်တော့ ပရီးမီးယားလိဂ်မှာ အားလုံးကို အံ့အားသင့်စေမှာပါ။”
“ဒီကစားပွဲက လီဗာပူးလ်တို့ချန်ပီယံအသင်းဖြစ်တယ်ဆိုတာ ပြသရမယ့်ပွဲဖြစ်ပါတယ်။ သူတို့ဟာ အကောင်းဆုံးအသင်းဖြစ်တယ်။ အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ ယူနိုက်တက်ကို သူတို့ရှိတဲ့နေရာဆီ ပြန်ပို့နိုင်တဲ့ ပွဲရလဒ်ကို ယူနိုင်ဖို့လိုတယ်”လို့ ပြောသွားပါတယ်။
လာမယ့် ၁၇ ရက်နေ့ တနင်္ဂနွေည အန်းဖီးလ်ကွင်းမှာ လီဗာပူးလ်နဲ့ ယူနိုက်တက်တို့ ယှဥ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။
Ref: dailymail
Leave a Reply