
အက်စတွန်ဗီလာအသင်းဟာ အသင်းတွင်း ကိုဗစ်ပြန့်ပွားနေတာကြောင့် တနင်္ဂနွေနေ့မှာကစားမယ့် အဲဗာတန်နဲ့ပွဲစဉ်ကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ ပရီးမီးယားလိဂ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ကစားသမား ၉ဦးနဲ့ ဝန်ထမ်း ၅ဦး ကိုဗစ်positive တွေ့ရှိခဲ့ပြီးနောက် စနေနေ့က လီဗာပူးလ်နဲ့ကစားခဲ့တဲ့ FAဖလားပွဲစဉ်ကို ယူ-၂၃အသင်းနဲ့သာ ယှဉ် ပြိုင်ခဲ့ရပါတယ်။
သူတို့ဟာပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာကစားဖို့စီစဉ်ထားတဲ့ စပါးအသင်းနဲ့ပွဲစဉ်ကိုလည်း ကစားသမားတွေ ကွာရန်တင်း ဝင်နေရတာကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဒါ့အပြင် အက်စတွန်ဗီလာအသင်းဟာ နယူးကာဆယ်နဲ့ကစားမယ့်ပွဲစဉ်ကိုလည်း ဇန်နဝါရီ ၂၃ရက်နေ့ကို ပြောင်းလဲကစားဖို့ ရွှေ့ဆိုင်းထားတာကြောင့် ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်တွေကစားပြီးပါက သူတို့အသင်းဟာ ၃ပွဲအထိ ကစားဖို့ကျန်ရှိမှာဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းက “ကျွန်တော့်အသင်းကို ကိုဗစ်ထိန်းချုပ်နိုင်ရေးကူညီပေးခဲ့တဲ့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လက်ရှိအခြေအနေကိုနားလည်ပေးတဲ့ ပြိုင်ပွဲဝင်အသင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကွာရန်တင်း ကာလပြီးဆုံးမယ့် တနင်္ဂနွေနေ့မှာ ကစားသမားတွေနဲ့ ဝန်ထမ်းတွေအားလုံး ကျန်းမာစွာနဲ့ အလုပ်တွေ ပြန်စနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ လက်ရှိမှာ သူတို့အသင်းရဲ့လေ့ကျင့်ရေးကွင်းကို ပိတ်ထားတာဖြစ်ပြီး ဒီရက်သတ္တပတ်ကုန်မှာ ပြန်ဖွင့်ဖို့ စီစဉ်နေပါတယ်။ လက်ရှိအချိန်မှာ ဗြိတိန်နိုင်ငံအတွင်း ကိုဗစ်ကူး စက်မှုမြင့်တက်လျက်ရှိပြီး သေဆုံးမှုမှာလည်း ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က တစ်ရက်အတွင်းစံချိန်တင် အဖြစ် ၁၅၆၄ဦး သေဆုံးခဲ့ပါတယ်။
Ref: France24
Leave a Reply