
ဘာစီလိုနာအသင်းတိုက်စစ်ကစားသမား မက်ဆီဟာ လာမယ့်နွေရာသီမှာ အသင်းကနေထွက်ခွာခဲ့ရင်လည်း နောက်ဆုံးချုပ်ဆိုခဲ့တဲ့ စာချုပ်အရ ၂၀၂၅ခုနှစ်အထိ တစ်ပတ်ပေါင် ၁၇၀,၀၀၀ ရရှိလိမ့်မယ်လို့ သတင်းထွက်နေပါတယ်။
အသက် ၃၃နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး မန်စီးတီး၊ PSG စတဲ့အသင်းတွေက သူ့ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
မက်ဆီအနေနဲ့ ဒီဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းပြောင်းမယ်ဆိုရင် ခေါ်ယူမယ့်အသင်းတွေဟာ သူ့စာချုပ်လျော်ကြေး ပေါင် ၆၂၉သန်းကို ပေးချေရမှာပါ။
ဒါကြောင့် ဘာစီလိုနာအသင်းနဲ့ အနာဂတ်မရေမရာဖြစ်နေတဲ့ မက်ဆီကို စာချုပ်သက်တမ်းကုန်ဆုံးချိန်မှသာ များပြားတဲ့လစာပေးပြီး ခေါ်ယူဖို့ ဥရောပထိပ်တန်းကလပ်တွေက စီစဉ်နေကြပါတယ်။
စပိန်နာမည်ကြီးအားကစားသတင်းစာ Marca က မက်ဆီအနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ဘာစီလိုနာကနေထွက်ခွာခဲ့ရင်တောင် နောက်ဆုံးစာချုပ်ပါသဘောတူညီချက်(သစ္စာရှိကြေးပုံစံမျိုး)အရ တစ်ပတ်ပေါင် ၁၇၀,၀၀၀ကို ၄နှစ်ကြာအထိ ခံစားခွင့်ရဦးမယ်လို့ ဖော်ပြခဲ့ပါတယ်။
Marcaရဲ့ ဖော်ပြချက်အရ မက်ဆီအနေနဲ့ ဒီရာသီကုန်မှာ ဆုကြေးအနေနဲ့ ပေါင် ၃၄.၇သန်းကိုရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ဒါဟာ ၂၀၁၇ခုနှစ်မှာ မက်ဆီနောက်ဆုံးချုပ်ဆိုခဲ့တဲ့စာချုပ်အရ ရရှိမယ့် ဆုကြေး ပေါင် ၆၉.၄သန်းရဲ့တစ်ဝက်ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ ကျန်ရှိတဲ့ ပေါင် ၃၄.၇သန်းကို ၂၀၂၅ခုနှစ်အထိ ၄နှစ်အတွင်း ၈ကြိမ်ခွဲကာ မက်ဆီကို ပေးချေသွားရမှာဖြစ်တယ်လို့ သိရပါတယ်။
Ref: Daily Mail
Leave a Reply