နည်းပြဘဝမှာ ပထမဆုံးဆုဖလားရရှိပြီးနောက် ဒီအောင်မြင်မှုက အစပဲရှိသေးတယ်လို့ ပိုချက်တီနို ပြောကြား

PSGအသင်းနည်းပြသစ် ပိုချက်တီနိုက နည်းပြဘဝမှာ ပထမဆုံးဆုဖလားရရှိခဲ့ပြီးနောက် ဒီအောင်မြင်မှုက အစပဲရှိသေးတယ်လို့ ဝင့်ကြွားပြောဆိုခဲ့ပါတယ်။

PSGအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပြင်သစ်စူပါဖလားပွဲစဉ်မှာ မာဆေးလ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ယူကာ တစ်ပတ်ကျော်သာ အသင်းကိုကိုင်တွယ်ရသေးတဲ့ ပိုချက်တီနိုအနေနဲ့ နည်းပြဘဝ ပထမဆုံးဆုဖလားရရှိခဲ့တာပါ။

ပိုချက်တီနိုဟာ နည်းပြဘဝမှာ အက်စ်ပန်ညို၊ ဆောက်သမ်တန်နဲ့ စပါးအသင်းတို့ကို ၁၁နှစ်ကြာကိုင်တွယ်ခဲ့ပေမယ့် ဆုဖလားတစ်လုံးမှ ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။

စပါးအသင်းကနေထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုချက်တီနိုဟာ PSG နည်းပြဟောင်း တူချယ်နေရာမှာ အစားထိုးခန့်အပ်ခံရပြီး ၁၁ရက်အကြာမှာပဲ ပြင်သစ်စူပါဖလားကိုရရှိခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုက ” အသင်းကိုနည်းပြအဖြစ် ၁၀ရက်ကိုင်တွယ်ပြီးနောက် ၃ပွဲကစားခဲ့ရပါတယ်။ ဒီပွဲက ကျွန်တော်တို့ရဲ့အကြီးမားဆုံးပြိုင်ဘက်နဲ့ကစားရတဲ့ဗိုလ်လုပွဲပါ။ အနိုင်ရဖို့အတွက် အရေးကြီးတဲ့ပွဲဖြစ်ပါတယ်။ အခုလိုနိုင်ပွဲရခဲ့တာဟာ ဆုဖလားဆိုတာထက်ပိုပြီး အသင်းနဲ့ သက်ဆိုင်သူအားလုံးအတွက် အရေးပါပါတယ်။”

“ကျွန်တော် ဒီကိုရောက်တာ ၂ပတ်လောက်ပဲရှိသေးတယ်။ လေ့ကျင့်ချိန်သိပ်မရခဲ့ပေမယ့် ကစားသမားတွေက ဆုဖလားနဲ့ထိုက်တန်ပါတယ်။ ဒီအောင်မြင်မှုက အစပဲရှိပါသေးတယ်။ ကျွန်တော့်ကို ဒီအသင်းမှာ အခွင့်အရေးပေးခဲ့တဲ့ အယ်လ်ခီလိုင်ဖီ (PSGအသင်းဥက္ကဌ)ကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဆိုခဲ့တယ်။

PSGအသင်းအတွက်ဂိုးတွေကို တိုက်စစ်မှူး အီကာဒီနဲ့ လူစားဝင်ကစားသမား နေမာတို့က သွင်းယူပေးခဲ့ပြီး မာဆေးလ်အတွက်တော့ ပေယက်က ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။

Ref: Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*