ရီးယဲလ်မက်ဒရစ်မှာ ခြေစွမ်းမပြနိုင်လို့ ဖရန့်ဖတ်ကိုအငှါးပြန်ကစားရတော့မယ့် လူကာယိုဗစ်

ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး လူကာယိုဗစ်ဟာ အသင်းမှာခြေစွမ်းမပြနိုင်တာကြောင့် အသင်းဟောင်းဖရန့်ဖတ်ကို ရာသီကုန်အထိ အငှါးပြန်ကစားရတော့မှာဖြစ်ပါတယ်။

အသက် ၂၃နှစ်သာရှိသေးတဲ့ ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူး ယိုဗစ်ဟာ ၂၀၁၉ခုနှစ် နွေရာသီမှာ ဖရန့်ဖတ်အသင်းကနေပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀နဲ့ ရီးယဲလ်အသင်းဆီရောက်ရှိလာခဲ့တာပါ။

ရီးယဲလ်ဟာ ၂၀၁၈-၁၉ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ဖရန့်ဖတ်အသင်းအတွက် ၁၇ဂိုး သွင်းယူခဲ့တဲ့ ယိုဗစ်ကို မျှော်လင့်တကြီးနဲ့ခေါ်ယူခဲ့ပြီး ၆ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ယိုဗစ်ဟာ စပိန်ထိပ်သီးကလပ်မှာ ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာနဲ့အတူ တွဲဖက်ညီညီခြေစွမ်းမပြနိုင်ဘဲ ဘန်ဇီမာကသာ အသင်းတိုက်စစ်ကို ဦးဆောင်နေရပါတယ်။

ယိုဗစ်ဟာ ရီးယဲလ်အသင်းကိုစရောက်ကတည်းက ပြိုင်ပွဲစုံ ၃၂ပွဲကစားခဲ့ပေမယ့် ၂ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှုလည်း ၂ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ ဒီရာသီမှာ ၅ပွဲသာ အသင်းအတွက်ပါဝင်ကစားထားပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့တဲ့ ယိုဗစ်ကို အသင်းဟောင်းဆီ လာမယ့်နွေရာသီအထိ အငှါးချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဖရန့်ဖတ်အားကစားဒါရိုက်တာ ဖရက်ဒီဘိုဘစ်က” ယိုဗစ်ဟာ လာမယ့်နွေရာသီအထိ ကျွန်တော်တို့အသင်းမှာ အငှါးလာရောက်ကစားမှာပါ။ လက်ရှိမှာ ကျွန်တော်တို့အနေနဲ့ ဆေးစစ်တာမျိုးလို သူ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး လုပ်စရာတွေကျန်ပါသေးတယ်။ အားလုံးအဆင်ပြေပြေလုပ်ဆောင်ပြီးပြီဆိုရင်တော့ သူဟာ ကျွန်တော်တို့အသင်းနဲ့အမြန်ဆုံးပူးပေါင်းနိုင်မှာပါ” လို့ ဆိုခဲ့တယ်။ ဖရန့်ဖတ်အသင်းဟာ ဒီရာသီဘွန်ဒစ်လီဂါ ၁၅ပွဲကစားပြီးချိန်မှာ ၂၃မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်လျက်ရှိပါတယ်။

Ref:newindianexpress

Be the first to comment

Leave a Reply

Your email address will not be published.


*