ဖူလ်ဟမ်အသင်းအနေနဲ့အကောင်းဆုံးလူစာရင်းနဲ့ပွဲထွက်လာခဲ့မယ်ဆိုရင် မိမိတို့ကိုတောင်းပန်သင့်တယ်လို့ မော်ရင်ညိုပြောကြား

စပါးအသင်းနည်းပြ မော်ရင်ညိုက ဒီညကစား မယ့်ပွဲစဉ်မှာ ဖူလ်ဟမ်အသင်းအနေနဲ့ အကောင်းဆုံး လူစာရင်းနဲ့ပွဲထွက်လာခဲ့မယ်ဆိုရင် မိမိတို့ကိုတောင်းပန်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က အက်စတွန်ဗီလာအသင်းနဲ့ကစားရမှာဖြစ်ပေမယ့် ပြိုင်ဘက်အသင်းမှာ ကိုဗစ်ကူးစက်မှုများပြားနေတာကြောင့် အဲဒီပွဲစဉ်အစား ဖူလ်ဟမ်နဲ့အစားထိုး ကစားဖို့ ပရီးမီးယားလိဂ်က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်ဟာလည်း ဒီဇင်ဘာ ၃၀ရက်နေ့မှာ ကစားဖို့စီစဉ်ထားခဲ့ပေမယ့် ဖူလ်ဟမ်အသင်းမှာ ကိုဗစ်ပျံ့နှံ့နေတာကြောင့် ပွဲကစားချိန်နီးမှ ရွှေ့ဆိုင်းခဲ့ရတာပါ။ ဖူလ်ဟမ်အသင်းဟာ ပြီးခဲ့တဲ့စနေ့မှာ FA ဖလားပွဲစဉ်အဖြစ် QPR အသင်းနဲ့ကစားခဲ့ပြီး ၃ရက်အကြာမှာပဲ စပါးနဲ့ကစားရတာဖြစ်လို့ ၁၀ရက် ကွာရန်တင်းဝင်နေရတဲ့ကစားသမား တွေရှိနေတာကြောင့် ဖူလ်ဟမ်နည်းပြပါကားက စပါးနဲ့ပွဲကစားရမယ့်အပေါ် ဒေါသတကြီးဝေဖန်ခဲ့ပါတယ်။

အဲဒါကြောင့် မော်ရင်ညိုက ဖူလ်ဟမ်အသင်းအနေနဲ့ ဒီညပွဲမှာ အကောင်းဆုံးလူစာရင်းကို သုံးနိုင်၊ မသုံးနိုင်အပေါ်မူတည်ပြီး ပါကားရဲ့ ဝေဖန်မှုကိုသုံးသပ်သွားမယ်လို့ဆိုပါတယ်။

မော်ရင်ညိုက “ရာသီအစကတည်းကဆိုရင် ကျွန်တော်တို့က ဖူလ်ဟမ်ထက် ပြိုင်ပွဲစုံမှာ ၁၁ပွဲ ပိုကစားထားရပါတယ်။ ၁၁ပွဲတိတိပါ။ တစ်ပတ်ကို ၃ပွဲ၊ ၄ပွဲအထိ ကစားနေရတာပါ။ သူ့တိုက စနေနေ့မှာ QPRနဲ့ ကစားခဲ့တယ်။ ဒီပွဲအတွက် ၃ရက်ပြင်ဆင်ချိန်ရပါတယ်။ ဒီပွဲမှာ သူတို့ဟာအသင်းကြီးက ကစားသမားတစ်ဝက်လောက်နဲ့သာပွဲထွက်နိုင်မယ်ဆိုရင် သူတို့ကိုပထမဆုံးတောင်းပန်စကားပြောတဲ့သူက ကျွန်တော်ဖြစ်ပါလိမ့်မယ်။ ဒီပွဲကိုလည်းအတွေ့အကြုံတစ်ခုအနေနဲ့သာ ကစားသွားမယ်လို့ ကျွန်တော်ပြောမှာပါ။ ဒါပေမဲ့ သူတို့က အကောင်းဆုံးလူစာရင်းနဲ့ပွဲထွက်လာရင်တော့ ကျွန်တော်တို့ကို တောင်းပန်သင့်တယ်လို့ ထင်ပါတယ်။ သူတို့အသင်းရဲ့ ပွဲထွက်ကစားသမား၊ အရန်စာရင်းအားလုံးကို ကြည့်ရပါမယ်။ အသင်းကြီးကစားသမားတွေအများကြီး မပါနိုင်ဘူးဆိုရင်တော့ သူတို့အတွက် ကျွန်တော်တို့စိတ်မကောင်းဖြစ်ရမှာပါ” လို့ ဆိုခဲ့တယ်။

မော်ရင်ညိုက အက်စတွန်ဗီလာအသင်းဟာ လီဗာပူးလ်နဲ့ FAဖလားပွဲစဉ်ကို လူငယ်အများစုနဲ့ကစားခဲ့ပေမယ့် စပါးနဲ့ပွဲကို ရွှေ့ဆိုင်းခဲ့တာကိုလည်း မကျေမနပ်ဖြစ်နေပါတယ်။ ဆက်လက်ပြီး မော်ရင်ညိုက “အက်စတွန်ဗီလာဟာ FAဖလားမှာ လီဗာပူးလ်နဲ့ပွဲကိုကစားခဲ့ပြီး ကျွန်တော်တို့နဲ့ကျတော့ ဘာကြောင့်မက စားရသလဲဆိုတာကိုလည်း မေးချင်ပါသေးတယ်။ ကျွန်တော်က အက်စတွန်ဗီလာနဲ့ကစားချင်တာပါ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ငိုနေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ပွဲတွေခဏခဏရွှေ့ဆိုင်းနေတာကို ဘာမှမတတ်နိုင်တာတော့ ကျွန်တော် ငိုချင်ပါတယ်။ ဥရောပပြိုင်ပွဲဝင်နေတဲ့ အသင်းတစ်သင်းအတွက် ပွဲတွေအများကြီးရွှေ့ ဆိုင်းဖို့က မဖြစ်နိုင်ပါဘူး” လို့ ဆိုခဲ့တယ်။

စပါးအသင်းဟာ ဒီညမှာ ဖူလ်ဟမ်အသင်းကို အိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ပြီး အနိုင်ရပါက အမှတ်ပေးဇယား အဆင့်၃ နေရာကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။

Ref: Evening Standard

Be the first to comment

Leave a Reply

Your email address will not be published.


*