
လီဝန်ဒေါစကီးဟာ ဂျာဂင်ကလော့ပ်ကို သူ့ရဲ့ဖခင်တစ်ယောက်လိုလူဖြစ်တယ်လို့ပြောဆိုသွားပြီး ဒေါ့မွန်မှာ ကစားခဲ့စဥ်က သူ့ကို အကောင်းဆုံးအကြံဉာဏ်တွေလည်း ပေးခဲ့တဲ့သူတစ်ယောက်လို့ ဆိုခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်မှာ အားလုံးကိုစိုးမိုးထားနိုင်တဲ့ လီဝန်ဒေါစကီးက ကလော့ပ်လက်အောက်မှာ ကစားခဲ့စဥ် ကွင်းအတွင်းမှာရော ကွင်းပြင်ပမှာပါ ကလော့ပ်ဆီကနေ အကူအညီတွေရခဲ့တယ်လို့ ပြောခဲ့ပါတယ်။
လီဝန်ဒေါစကီးက “ကျွန်တော် ကလော့ပ်ကို ဘာမဆိုပြောပြနိုင်တယ်။ ကျွန်တော်သူ့ကို ယုံကြည်လို့ရတယ်။ သူဟာ ကျွန်တော့်ရဲ့ မိသားစုဝင်လိုပါပဲ။ ပြီးတော့သူက ခင်ဗျားရဲ့ ကိုယ်ပိုင်ဘဝထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို စာနာပေးတတ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။”လို့ Player Tribune ကို ပြောသွားပါတယ်။
ဆက်လက်ပြီး “အဲ့တုန်းက ကလော့ပ်နဲ့ ဒုတိယရာသီမှာ ကျွန်တော် ရုန်းကန်နေရတုန်းပဲ။ ကျွန်တော်ဆီကနေ ကလော့ပ် တစ်ခုခုလိုချင်နေတယ်လို့ ခံစားနေရတယ်။ ဒါပေမယ့် ကျွန်တော် နားမလည်ခဲ့ဘူး။”
“အဲ့ဒီနောက် ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ မာဆေးအသင်းကို ဆိုးဆိုးရွားရွားရှုံးခဲ့တယ်။ (၃-၀)ဂိုးနဲ့ ရှုံးခဲ့တယ်ထင်တာပဲ။ ဒါနဲ့ကျွန်တော် ကလော့ပ်ကိုတွေ့ဖို့သွားခဲ့တယ်။ ပြီးတော့ “ဂျာဂင် ကျွန်တော်တို့ နှစ်ယောက် စကားပြောဖို့လိုပြီ။ ကျွန်တော့်ဆီကနေ ဘာလိုလဲဆိုတာပဲ ပြောလိုက်ပါ”လို့ ကျွန်တော်ပြောလိုက်တယ်။”
“သူကျွန်တော့်ကို ပြန်ပြောခဲ့တာတွေအားလုံးတော့ မမှတ်မိတော့ဘူး။ အဲ့တုန်းက ကျွန်တော့်ရဲ့ ဂျာမန်စကားက အရမ်းမကောင်းသေးဘူး။ ဒါပေမယ့် စကားလုံးအနည်းငယ်နဲ့ သူ့ရဲ့အမူအရာတွေကနေ ကျွန်တော်သိခဲ့ရတယ်။ ကျွန်တော်တို့တစ်ယောက်ကို တစ်ယောက်နားလည်ခဲ့ပြီး စကားစမြည်ကောင်းတွေ ပြောဖြစ်ခဲ့ကြတယ်။”
“အဲ့ဒါက စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ပြီး ရပ်တန့်လိုက်ဖို့ဟာတစ်ခုခုပေါ့။ ပြီးတော့ ကျွန်တော့်အဖေနဲ့ ပတ်သက်ပြီး တစ်ခုခုလုပ်ရတော့မယ်ဆိုတာ သိလာတယ်။”
“အဲ့တုန်းကတော့ အခုလိုမစဥ်းစားမိဘူး။ ဒါပေမယ့် ကျွန်တော်အခုသိလာတယ် ကလော့ပ်နဲ့ ပြောခဲ့တာတွေက ကျွန်တော့်အဖေနဲ့အတူ စကားစမြည် ပြောဖြစ်ချင်ခဲ့တဲ့ဟာတွေပါပဲ။ (လီဝန်ဒေါစကီးဖခင်ဟာ သူလူငယ်အရွယ်မှာ ဆုံးပါးသွားခဲ့ပါတယ်)။ ကျွန်တော်နှစ်တွေအကြာကြီးမှာ ပြောဖြစ်ချင်ခဲ့တဲ့အရာတွေထဲက တစ်ခုပါပဲ။”လို့ ပြောသွားပါတယ်။
ကလော့ပ်က လီဝန်ဒေါစကီးကို ဒေါ့မွန်အသင်းအတွက် ၂၀၁၀ ခုနှစ်တုန်းက ပေါင် ၄ သန်းနဲ့ ခေါ်ယူပေးခဲ့တာ ဖြစ်ပါတယ်။
လီဝန်ဒေါစကီးဟာ ကလော့ပ်နည်းပြတဲ့ ဒေါ့မွန်အသင်းနဲ့အတူ ကလပ်အတွက် ၁၈၇ ပွဲမှာ ၁၀၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါဖလား ၂ ကြိမ်နဲ့ ဂျာမန်ပိုကယ်ဖလား ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီဝန်ဒေါစကီးက “ကလော့ပ်က ကျွန်တော့်အတွက် ဖခင်လိုချည်းပဲတော့ မဟုတ်ဘူး။ သူက နည်းပြအဖြစ်ရော ပြီးတော့ သူကဆိုးသွမ်းတဲ့ ဆရာအဖြစ်လိုမျိုးပါပဲ။ ကျွန်တော်ဆိုလိုတဲ့ ဆိုးသွမ်းတယ်ဆိုတာက ကောင်းတဲ့အမြင်ဘက်ကပါ။”
“ရှင်းပြရရင်တော့ ကျွန်တော်တို့ လူငယ်ဘဝကျောင်းတုန်းက ဘယ်ဆရာတွေကို အမှတ်မိဆုံးလဲပေါ့။ ခင်ဗျားဘဝအတွက် လွယ်ကူအောင်လုပ်ပေးပြီး ခင်ဗျားဆီကနေ ဘာမှမမျှော်လင့်တဲ့သူတော့ မဟုတ်လောက်ဘူး။ ခင်ဗျားမှတ်မိနေမှာကတော့ ဆိုးသွမ်းတဲ့ ဆရာတွေပဲ။ အဲ့ဒီဆရာက စည်းကမ်းတွေတင်းကျပ်မယ်။ ဖိအားတွေပေးပြီး ခင်းဗျားဆီကနေ အကောင်းဆုံးရလဒ်တွေထွက်အောင် လုပ်မယ့်ဆရာမျိုးပဲ။ အဲ့ဒီဆရာတွေက အကောင်းဆုံးဖြစ်အောင် လုပ်ပေးလိမ့်မယ်။ ဟုတ်တယ်မလား။ ပြီးတော့ ဂျာဂင်ကလော့ပ်က ကျွန်တော့်အတွက် အဲ့လို ဆရာမျိုးပါပဲ။” လို့ပြောသွားခဲ့ပါတယ်။
Ref: dailymail
Leave a Reply