အရှုံးထဲက အကောင်းဆုံးနိုင်ပွဲဖြစ်ခဲ့တဲ့ အပျော်တမ်းလိဂ် မာရင်းအသင်း

ပြီးခဲ့တဲ့ FA ဖလားပွဲစဉ်မှာ မာရင်းအသင်းတို့ စပါးအသင်းကို ၅ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် အပျော်တမ်းလိဂ်မှာကစားနေတဲ့ မာရင်းကလပ်အတွက်တော့ ဝင်ငွေအများအပြားရတဲ့နေ့ဖြစ်တာကြောင့် ပျော်ရွှင်နေကြပါတယ်။ ပြီးတော့ ဒီ FA ဖလား တတိယအကျော့ပွဲစဉ်ကိုလည်း အမြဲတမ်းအမှတ်ရကြမှာပါ။

မာရင်းအသင်းဟာ အင်္ဂလန်လိဂ်အဆင့် သတ်မှတ်ချက်အရ အဆင့် ၈ လိဂ်မှာကစားနေရတာဖြစ်ပြီး သူတို့နဲ့တွေ့ဆုံခဲ့ရတဲ့အသင်းက ပရီးမီးယားလိဂ်ထိပ်ကြီးအသင်းဖြစ်တဲ့ စပါးနဲ့ဖြစ်တာကြောင့် မာရင်းပရိသတ်တွေအတွက် သမိုင်းတွင်ပွဲလို့တောင် သတ်မှတ်လို့ရပါလိမ့်မယ်။

ဒါပေမယ့်လည်း ကိုဗစ်ပြန့်ပွားမှု များပြားနေတာကြောင့် ကွင်းပိတ်ကန်ခဲ့ရပါတယ်။ ဒီအခွင့်အရေးကို မာရင်းကလပ်က အကောင်းဆုံး အိုင်ဒီယာနဲ့ သူတို့ ပရိသတ်တွေ ဒီပွဲစဉ်ကို အွန်လိုင်းနဲ့ တိုက်ရိုက်ကြည့်ရှုလို့ရအောင် virtual tickets တွေရောင်းချခဲ့ပါတယ်။

ပွဲမကစားခင်မှာပဲ virtual tickets တွေ ၂၃,၀၀၀ ကျော် ‌အရောင်းထွက်ခဲ့တယ်လို့ အသင်းက ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ လက်မှတ်ဟာ တစ်စောင်ကို ၁၀ ပေါင် ကျသင့်ပြီး တမြို့လုံးက သူတို့ကို အားပေးတဲ့ ပရိသတ်တွေအတွက် ဆန္ဒပြည့်ခဲ့ပါတယ်။

မာရင်းအသင်းဟာ လက်မှတ် ၂၃,၀၀၀ ရောင်းခဲ့ရတာကြောင့် သူတို့ကလပ်ရဲ့ ပွဲကြည့်ပရိတ်သတ်အများဆုံး ၆၀၀၀ တက်ရောက်တဲ့ မှတ်တမ်းကို ကျော်ဖြတ်သွားခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီကနေ ပေါင် ၂၃၀,၀၀၀ ရခဲ့ပြီး ရုပ်သံနဲ့ ဆုကြေးငွေတို့ ထပ်ပေါင်းလိုက်ရင် ပရိသတ်မပါတဲ့ကွင်းက‌နေ ပေါင် ၃၀၀,၀၀၀ လောက် ရရှိခဲ့တာဖြစ်ပါတယ်။

မာရင်းတို့ FA ဖလားပွဲစဉ် တတိယအကျော့မှာ စပါးအသင်းကို ပထမပိုင်းမှာ ၄ ဂိုးပေးခဲ့ရပြီး စပါးအသင်းရဲ့ အသက်အငယ်ဆုံး (၁၆) နှစ်ကစားသမားကလည်း ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ မာရင်းအသင်းဟာ FA ဖလားပြိုင်ပွဲက ထွက်ခဲ့ရပေမယ့်လည်း နှစ်သိမ့်မှုအနေနဲ့ ဒီလိုကာလမှာ ဝင်ငွေတွေ အများပြားရခဲ့ပါတယ်။

Ref : mirror

Be the first to comment

Leave a Reply

Your email address will not be published.


*