ဒီရာသီမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် ပေါ့ဘာရဲ့အကူအညီ လိုအပ်တယ်လို့ ဘရူနိုဖာနန်ဒက်စ်ပြောကြား

ယူနိုက်တက်အသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အသင်းအနေနဲ့ ဒီရာသီမှာအောင်မြင်မှု ရယူနိုင်ဖို့အတွက် ပေါ့ဘာရဲ့ အကူအညီလိုအပ်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ပေါ့ဘာဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၂ ခုနှစ်၊ နွေရာသီအထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် ဒီလဒါမှမဟုတ် ရာသီကုန်မှာ PSGအသင်းကို ပြောင်းရွှေ့လိမ့်မယ်လို့ သတင်းထွက်နေပါတယ်။

ယူနိုက်တက်အသင်းမှာခြေစွမ်းပြနေတဲ့ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပေါ့ဘာဟာ ရာသီအစမှာ ကိုဗစ်ဖြစ်ခဲ့လို့ ခြေစွမ်းကျဆင်းခဲ့ပေမယ့် လက်ရှိမှာ အကောင်းဆုံးအနေအထားပြန်ရနေပြီလို့ ပြောဆိုခဲ့ပါတယ်။

NBC Sport နဲ့တွေ့ဆုံရာမှာ ဘရူနိုဖာနန်ဒက်စ်က “ကျွန်တော်နဲ့ပေါ့ဘာက တော်တော်အဆင်ပြေပါတယ်။ သူက အီတလီလိုပြောတယ်။ ကျွန်တော်လည်း အီတလီလိုပြောတယ်။ ကျွန်တော် ဒီကိုရောက်ခါစမှာ သူက ဒဏ်ရာရနေတယ်။ ကျွန်တော့်ကို သူက “မင်းကစားတာ ငါတွေ့တယ်။ မင်းဘာမှမပူနဲ့၊ ငါကစားနိုင်တဲ့အခါကျရင် မင်းကိုကူညီမယ်၊ ရှေ့မှာ မင်းလွတ်လွတ်လပ်လပ်ရွေ့လျားနိုင်အောင် ငါကစားပေးမယ်။ ငါကစားနိုင်တဲ့အခါကျရင် မင်းကိုငါဘယ်လောက်ကူညီနိုင်သလဲဆိုတာ သိရလိမ့်မယ်” ဆိုပြီး ကျွန်တော့်ကိုပြောခဲ့ပါတယ်” လို့ ဆိုတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂၀ခုနှစ် ဇန်နဝါရီလ မှာ စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်အသင်းကို ရောက်လာပြီး နောက်ပိုင်းပေါ့ဘာနဲ့ ပြိုင်ပွဲစုံ ၃၃ပွဲ တွဲဖက်ကစားထားပြီး၂၄ပွဲမှာ ရှုံးပွဲမရှိခဲ့ဘူးလို့ သိရပါတယ်။ ဆက်လက်ပြီး ဖာနန်ဒက်စ်က “သူကစားနိုင်တဲ့အချိန်မှာ ကျွန်တော့်ကို အများကြီးပိုကောင်းအောင် ကူညီပေးခဲ့ပါတယ်။ ရာသီပိတ်ကိုလည်း ပျော်ရွှင်မှုတွေနဲ့အဆုံးသတ်နိုင်ခဲ့တယ်။ သူ့အတွက် ကံဆိုးတာက ဒီရာသီအစမှာ ကိုဗစ်ခံစားခဲ့ရတာပါပဲ။ ခြေစွမ်းပိုင်းထိခိုက်စေခဲ့တာမှန်ပေမယ့် လက်ရှိမှာ အကောင်းဆုံးအနေအထားကို ပြန်ရနေပါပြီ။ ဒီရာသီမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် သူ့ကိုလိုအပ်ပါတယ်” လို့ ဆိုခဲ့တယ်။

ပေါ့ဘာဟာ ရာသီအစက ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိမှာတော့ ယူနိုက်တက်အသင်းရဲ့ လိဂ်နောက်ဆုံး ၇ပွဲမှာ ၅ပွဲအထိ ပွဲထွက် ခွင့်ခဲ့ရပြီး အမှတ်ပေးချန်ပီယံဆုအတွက် အရေးပါတဲ့ကစားသမား ဖြစ်နေပါပြီ။

Ref: Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*