ဗန်ဒိုက်နဲ့ ပစ်ဖို့ဒ်တို့ရဲ့ အဖြစ်အပျက်တုန်းက ဆုံးဖြတ်ချက်အပေါ် နောင်တရမိတယ်လို့ ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာ ဝန်ခံ

ရာသီအစ မာဆေးဆိုဒ်ဒါဘီဖြစ်တဲ့ အဲဗာတန်နဲ့ လီဗာပူးပွဲစဥ်မှာ ဂိုးသမား ပစ်ဖို့ဒ်က လီဗာပူးနောက်ခံလူ ဗန်ဒိုက်ကို ဖျက်ထုတ်ပုံကြမ်းတဲ့အတွက် အနီကတ်ပြထုတ်ပယ်သင့်တယ်လို့ အဲ့ဒီပွဲစဥ်ကို ကိုင်တယ်ခဲ့တဲ့ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာက ဝန်ခံသွားခဲ့ပါတယ်။

အဲ့ဒီပွဲစဥ်မှာ အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်က ပြစ်ဒဏ်မခံခဲ့ရပေမယ့် လီဗာပူးနောက်ခံလူ ဗန်ဒိုက်ကတော့ ဒူးအရွတ်စုတ်ပြဲသွားတာကြောင့် ရာသီကုန်အထိ နားရဖွယ်ရှိပါတယ်။

အဲ့ဒီအဖြစ်အပျက်ကို အိုလီဗာနဲ့ VAR ဒိုင် ကိုတီတို့နှစ်ယောက် ဆုံးဖြတ်ချက်ချခဲ့ရပြီး အဲ့ဒီဖြစ်စဥ်မှာ ဗန်ဒိုက်က လူကျွံတဲ့ အနေအထားဖြစ်နေတာကြောင့် ပြစ်ဒဏ်ဘောမပေးဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

လူကျွံနေတဲ့အခြေအနေကြောင့် ဖျက်ထုတ်မှုကို ပင်နယ်တီပေးဖို့လည်း မဖြစ်နိုင်ပေမယ့်လည်း ပစ်ဖို့ဒ်က အနီကတ်ပြလို့ရတဲ့ အခြေအနေဖြစ်ပါတယ်။ အိုလီဗာက “ဗန်ဒိုက်တကယ်လို့ လူကျွံတဲ့အနေအထားမဖြစ်ခဲ့ဘူးဆိုရင် ပြစ်ဒဏ်ဘောပေးဖြစ်မှာပါ”လို့ ပြောသွားပါတယ်။

“ပထမဆုံးစဥ်းစားမိခဲ့တာကတော့ ဒါကလူကျွံနေတယ်။ ပင်နယ်တီပေးလို့မရဘူး။ ဒါကြောင့် လူကျွံတာကို အရင်စစ်ဆေးဖို့ လုပ်ခဲ့တာပါ။ ကျွန်တော် VAR ကို ဒါက လူမကျွံဘူးဆိုရင် ကျွန်တော် ပင်နယ်တီပေးတော့မယ်လို့ ပြောခဲ့တယ်ထင်တယ်။”

“ကျွန်တော်နောက်ပိုင်းမှာ ဒါကို အခေါက်ပေါင်းများစွာ ပြန်ကြည့်ဖြစ်တယ်။ ပစ်ဖို့ဒ်ဟာ သူဖျက်ထုတ်ဖို့ခဲ့တာကလွဲပြီး တခြားရည်ရွယ်ချက်မရှိခဲ့ဘူးလို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့်လည်း သူဖျက်ထုတ်နည်း မှားခဲ့တာကြောင့် ဒဏ်ရာရတဲ့သူရလည်း ရသွားပါပြီ။”

“ကျွန်တော်အပါဝင် ဒိုင်တွေအားလုံး ဒီအဖြစ်အပျက်ကို စဥ်းစားပြီး ကျွန်တော်တို့ လုပ်သင့်သလောက် မလုပ်ခဲ့ကြပါဘူး။ ကျွန်တော်တို့ လူကျွံဘော သတ်မှတ်ပြီး ပစ်ဖို့ဒ်ကို ထုတ်ပယ်လိုက်လို့ရပါတယ်။”

“ကျွန်တော်အံ့သြမိတာကတော့ အဲ့ဒီအဖြစ်အပျက်ပြီးနောက်ပိုင်း ကွင်းထဲမှာ တခြားကစားသမားတွေက အနီကတ်ပြဖို့ ဘယ်သူမှ မတောင်းဆိုခဲ့ကြပါဘူး။”

“ကျွန်တော်တို့ လူကျွံဘောလို့ သတ်မှတ်ပြီး ဂျော်ဒန်ပစ်ဖို့ဒ်ကိုလည်း တခြားပြစ်ဒဏ်ပေးပြီး  ကစားပွဲကို ဆက်ကန်လိုက်သင့်ပါတယ်။” လို့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

Ref: mirror

Be the first to comment

Leave a Reply

Your email address will not be published.


*